သီပေါ စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ စေတနာရှင်ပြည်သူများမှ စုပေါင်း၍ ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် Scan စက်ဖြင် အလိုအလျောက် ကိုယ်အပူချိန် တိုင်းတာသော ငွေကျပ်သုံးသိန်းခြောက်ထောင်တန်ဖိုးရှိ ကိုယ်အပူချိန်တိုင်းတာစက်(၁)လုံးနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် သီပေါမြို့နယ်အတွင်းရှိ စေတနာရှင်ပြည်သူ ၁၆ ဦး တို့က စုပေါင်း၍ Scan စက်ဖြင့် အလိုအလျောက် ကိုယ်အပူချိန်တိုင်းတာသော စက်(၁)လုံး၊ မြို့နယ်ကိုဗစ်−၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေကြသော မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ပရဟိတကွန်ရက် အဖွဲ့အတွက် လိုအပ်သောနေရာများတွင် အသုံးပြုရန် ငွေကျပ်(၁၃)သိန်းကို ပေးအပ်လှူဒါန်းရာ မြို့နယ်အဆင့် ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြသည်။
ထို့အပြင် အလိုအလျောက် ကိုယ်အပူချိန်တိုင်းတာသောစက်အား သီးသန့်အလှူရှင်တစ်ဦးမှ ပေးအပ် လှူဒါန်းထားရာ သီပေါမြို့အဝင်အထွက်ရှိ ကျန်းမာရေး စစ်ဆေးရေး ဂိတ်တွင် စက်တင်ဘာလ ၁၄ ရက်နေ့မှစတင်၍ ထားရှိအသုံးပြုလျက်ရှိကြောင်း၊ ယခုထပ်မံလှူဒါန်းထားသောစက်ကိုလည်း လိုအပ်သည့် နေရာတွင် ထားရှိအသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါစက်အား အသုံးပြုခြင်းဖြင့် အပူချိန်တိုင်းတာရာ တွင် ပိုမိုမြန်ဆန်ပြီး ရောဂါကူးစက်မည့် ဘေးအန္တရာယ်မှလည်း ကာကွယ်ပေး နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးစစ်ဆေးရေးဂိတ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)