နမ့်စန်(တ) စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး က နမ့်စန်မြို့နယ်ရှိ အသက်၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အတွက် နိုင်ငံတော်မှထောက်ပံ့ပေးအပ်မှုအခြေအနေကို ရှင်းလင်းပြောကြားပြီး အဆိုပါ ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ဘိုးဘွားများလက်ဝယ်အရောက် စနစ်တကျပေးအပ်ရန်နှင့် ဆောင်ရွက်ပြီးစီးမှုအား ပြန်လည်တင်ပြရန်တို့ကို မှာကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆုဝေဝေဖြိုး က လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆုဝေဝေဖြိုး တို့က နမ့်စန်မြို့နှင့်ခိုလမ်မြို့အတွင်းရှိ အသက် ၈၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွား စုစုပေါင်း (၁၂၁) ဦးကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယ ၃လပတ် (ဇူလိုင်၊ဩဂုတ်၊စက်တင်ဘာ)အတွက် တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၃၆၃၀၀၀၀ ကျပ်ကိုပေးအပ်ခဲ့ရာ သက်ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာအုပ်စု ၂၀ ခုမှ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)