သထုံမြို့ရှိ အ.ထ.ကကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး (Mask) များ ဖြန့်ဝေ‌ပေးပြီး အသိပညာပေးဆွေးနွေး

သထုံ စက်တင်ဘာ ၁၉

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့ နေ့လည်အချိန်က အခြေခံပညာအထက်တန်းကျောင်းများ၌ နှာခေါင်းစည်း (Mask)များ ဝေငှပေးခြင်း၊ အသိပညာပေးဆွေးနွေးခြင်းများကို လိုက်လံပြုလုပ်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးမော်နှင့် ဆရာ ဆရာမများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများက သထုံမြို့ရှိ အထက(၂)ကျောင်းနှင့် အထက(၄)ကျောင်းတို့၌ ကျောင်းသားကျောင်းသူများအား နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေပေးကြပြီး အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နေထိုင်ရေး၊ နေအိမ်ပြင်ပထွက်ခွာပါကပါးစပ်နှင့် နှာခေါင်းစည်း Mask ကိုစနစ်တကျ တပ်ဆင်သွားလာကြရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့်ထိုးနှံရေး ထပ်ဆောင်း ကာကွယ်ဆေးများကိုလည်း ဆက်လက်ထိုးနှံသွားရေးအသိပညာပေး လိုက်လံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)