ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အခမ်းအနားတက်ရောက်

စစ်တွေ စက်တင်ဘာ ၁၉

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရခိုင်ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီဝင်များ၊ ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာ ကော်မတီဝင်များ၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းဆိုင်ရာ ကော်မတီဝင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ယခုနှစ်ကမ္ဘာ့ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အတွက် ဆောင်ပုဒ်မှာ “Montreal Protocol@35: global cooperation protecting Life on earth” “၃၅ နှစ်တာ မွန်ထရီရယ် အောင်မြင်မှုခရီး- သက်ရှိတွေကာကွယ်ဖို့ ကမ္ဘာနှင့်အဝှမ်း ပူးပေါင်းဆောင်ရွက်စို့” အဖြစ်သတ်မှတ်ထားရှိပြီး ယခုနှစ်ဆောင်ပုဒ်သည် မွန်ထရီရယ် သဘောတူစာချုပ်အနေဖြင့် ရာသီဥတုပြောင်းလဲမှုပေါ်တွင် ပိုမိုကျယ်ပြန့်သော အကျိုးသက်ရောက်မှုရှိပုံနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် ယင်းသဘောတူစာချုပ်အပေါ်တွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန်၊ ကမ္ဘာပေါ်ရှိနိုင်ငံများ လက်ရှိကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် အနာဂတ်မျိုးဆက်များအတွက် ကမ္ဘာမြေပေါ်ရှိ သက်ရှိများကို ကာကွယ်နိုင်ရန် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဖွံ့ဖြိုးစေရန်လိုအပ်ကြောင်း အသိအမှတ် ပြုစေလိုခြင်း ဖြစ်ကြောင်းနှင့် ကောင်းမွန်ပြီး သာယာလှပသည့် ကမ္ဘာမြေကြီးကို အနာဂတ်မျိုးဆက်သစ်များဆီသို့ လက်ဆင့်ကမ်းနိုင်ရေး ကြိုးပမ်းရန်အတွက် ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချနိုင်ရန်အတွက် အိုဇုန်းလွှာပျက်စီးစေပြီး ကမ္ဘာကြီးပူနွေးမှုကို ဖြစ်ပေါ်စေသာ ဒြပ်ပစ္စည်းများသုံးစွဲမှုကို လျှော့ချရပ်ဆိုင်းကြရန်၊ ထိုဒြပ်ပစ္စည်းများတင်သွင်းသုံးစွဲမှုကို ရပ်ဆိုင်းရေးလုပ်ငန်းစဉ်များမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်းပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) အမှုဆောင်ညွှန်ကြားရေးမှူး၏ သဝဏ်လွှာကို ဗီဒီယိုဖြင့်ပြသပြီး ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းတို့က ဆုများပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ၂၀၂၂ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဗီဒီယိုအား ကြည့်ရှုကြပြီး ခန်းမအတွင်းပြသထားသော ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးစာစောင်များ၊ ပိုစတာများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၏ စာစီစာကုံးများနှင့် ပန်းချီကားများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)