ပြင်ဦးလွင် စက်တင်ဘာ ၁၉
၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်ခဲ့သော ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြင်ဦးလွင်မြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကမော္ဘဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် ပညာရေးမှူး ဒေါက်တာရွှေစင်အိက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (World Ozone Day) ဖြစ်ပေါ်လာပုံအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိ သူများက ဆုအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်းနှင့် ယခုနှစ်စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်ခဲ့သော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “၃၅ နှစ်တာ မွန်ထရီရယ်အောင်မြင်မှုခရီး - သက်ရှိတွေကာကွယ်ဖို့ ကမ္ဘာနှင့်အဝှမ်း ပူးပေါင်းဆောင်ရွက်စို့” ဖြစ်ကြောင်း သိရသည်။
ဖြူလူသစ် (ပြန်/ဆက်)