ပြင်ဦးလွင်မြို့နယ်၊ ထုံးဘိုကျေးရွာအုပ်စု၊ ထုံးဘိုကျေးရွာသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

ပြင်ဦးလွင် စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီခွဲက ပြင်ဦးလွင်မြို့နယ်၊ ထုံးဘိုကျေးရွာအုပ်စု၊ ထုံးဘိုကျေးရွာခန်းမ၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ရှေးဦးစွာ ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဝင်းက မှုခင်းကျဆင်းရေးနှင့် ပတ်သက်၍ အသိပညာပေး ပြောကြားခြင်း၊  ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဝင်းက စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးမှုအခြေအနေများအား ရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ (၁၆) ခုမှ  ဌာနအလိုက် ပြည်သူ့ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးမည့် အခြေအနေများအား အသီးသီးရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ကျေးရွာနေပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြင်ဦးလွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဝင်းက ဖြည့်စွက်ရှင်းလင်း၍ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးမည့် အစီအမံများအား ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအတွက် စိုက်ပျိုးရေးအသိပညာပေး လက်ကမ်းစာစောင်နှင့် မြို့နယ်လျှပ်စစ်ဌာနမှ လျှပ်စစ်အန္တရာယ်အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း၊ ဌာနဆိုင်ရာများက စုပေါင်း၍ Mask Campaign ပြုလုပ်ခြင်း၊ ကျေးရွာရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထပ်ဆောင်း ကာကွယ်ဆေး (Booster) ထိုးနှံပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ အိမ်ထောင်စု လူဦးရေစာရင်းပြုလုပ်ခြင်းနှင့် မွေးတိုး/အလျော့ ပြုလုပ်ပေးခြင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာတွင်း လမ်းများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့က ကျေးရွာသူ/ ကျေးရွာသားများထံသို့ ထောက်ပံ့ငွေနှင့် သီးပင်စားပင်မျိုးစေ့များ ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ထုံးဘို ကျေးရွာအုပ်စုရှိ  ဇေယျသိဒ္ဓိချမ်းမြေ့ရိပ်သာကျောင်း ဆရာတော်ထံသို့ သင်္ကန်းနှင့်လှူဖွယ် ပစ္စည်းများ  ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ အပါအဝင် ကျေးရွာပြည်သူ (၃၀၀) ဦး တက်ရောက်ခဲ့ကြပြီး တွေ့ဆုံပွဲအခမ်းအနားအား မွန်းလွဲ ၃ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဖြူလူသစ် (ပြန်/ဆက်)