ပူတာအို စက်တင်ဘာ ၁၉
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပူတာအိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး အောင်ကိုလတ် က ယခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်ကတော့ "၃၅ နှစ်တာ မွန်ထရီရယ် အောင်မြင်မှုခရီး-သက်ရှိတွေကာကွယ်ဖို့ ကမ္ဘာနှင့်အဝှမ်း ပူးပေါင်းဆောင်ရွက်စို့" ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ တွင် အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကို ၂၀၀၈ ခုနှစ်မှ စတင်၍ နှစ်စဉ် ကျင်းပဆောင်ရွက်လျက်ရှိပြီး ၂၀၁၈ ခုနှစ်မှစ၍ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်၍ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပခဲ့ကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း မိမိတို့မှီခိုနေရသည့် ကမ္ဘာကြီး မပျက်စီးအောင် ထိန်းသိမ်းဖို့ မိမိတို့အားလုံးမှာ တာဝန်ရှိပါကြောင်း၊ အဓိကအားဖြင့် သဘာဝရဲ့ ကျေးဇူးတရား များကို သိတတ်နားလည်ပြီး သဘာဝကို ချစ်မြတ်နိုးမယ်ဆိုရင် လူသားများနဲ့ သဘာဝဟာ ဟန်ချက်ညီမျှပြီး တစ်သားတည်းဖြစ်မှာ ဧကန်မလွှဲပင်ဖြစ်ပါကြောင်း အမှာစကား ပြောကြားသည်။
ဆက်လက်၍ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတူးခေါင်က ကမ္ဘာ့ကုလသမဂ္ဂ ပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်မှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှ ပေးပို့လာသော ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ သဝဏ်လွှာကို ဖတ်ကြားပြီး အခမ်းအနား တက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး အောင်ကိုလတ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်လွမ်းဘူးရမ်၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုအားပေးသည်။
ထို့နောက် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သော စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရကျောင်းသူ၊ ကျောင်းသားများအား ဆုများချီးမြှင့်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး အောင်ကိုလတ်က အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲဆုရ ကျောင်းသူ၊ ကျောင်းသားများအားလည်းကောင်း၊ ခရိုင်ပညာရေးမှူး ဦးနိုင်ဝင်းအောင်က အခြေခံပညာ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲဆုရ ကျောင်းသူ၊ ကျောင်းသားများအားလည်းကောင်း၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်လွမ်းဘူးရမ်က အခြေခံပညာမူလတန်းအဆင့် ပန်းချီပြိုင်ပွဲဆုရကျောင်းသူ၊ ကျောင်းသားများအားလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)