ရန်ကုန် စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ ကုန်စည်ဈေးနှုန်းများ မြင့်တက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ပြင်ပပေါက်ဈေးထက် သက်သာသော နှုန်းထားများဖြင့် ဒေသခံပြည်သူများ စားသောက်ရေး အဆင်ပြေစေရန် ရည်ရွယ်၍ ဗဟန်းမြို့နယ်၊ ကြားတောရရပ်ကွက်၊ ကြားတောရလမ်းနှင့် ရေတာရှည်လမ်းတောင့်ရှိ၊ ကြားတောရရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့နံနက်ပိုင်းက ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဗဟန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအထောက်အကူပြု၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက ဒေသခံပြည်သူများ မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် ဆန်တစ်ပြည်လျှင် ငွေကျပ်(၁၇၀၀)နှုန်း၊ ဆီတစ်ပိဿာလျှင် ငွေကျပ်(၄၈၀၀) နှုန်းနှင့် ကြက်ဥတစ်လုံးလျှင် ငွေကျပ်(၁၇၅)ဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ရာ ဝယ်ယူသူ အိမ်ထောင်စုများကလည်း ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)