ဝမ်းတွင်း စက်တင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ခင်ကြီးကျေးရွာတွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့က ခင်ကြီးကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦးမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ ဒေသအတွင်းဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုတိုးတက်ရေး လုပ်ငန်းဆိုင်ရာများနှင့် ရပ်ရွာအေးချမ်းသားယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်(၁)၊ ဗိုလ်မှူးသက်နိုင်မှ တပ်မတော်မှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ နယ်မြေလုံခြုံရေးနှင့် ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်နေမှု အခြေအနေများ၊ အကြမ်းဖက်သမားများနှင့်ပတ်သက်သည့်သတင်းများ ရရှိပါက မြို့နယ်သို့ သတင်းတင်ပြစေရေး၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့ (တပ်မတော်) ဗိုလ်မှူးကျော်ဇင်မှ နယ်မြေလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့-အတွင်းရေးမှူး (ယာယီရဲမှူး) ဝင်းကျော်သူမှ နယ်မြေအတွင်း ခိုး-ဆိုး-လု-နှိုက်များ မရှိစေရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ရှင်းလင်းဆွေးခဲ့ပြီး တက်ရောက်လာကြသော ပြည်သူများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော လုပ်ငန်းဆိုင်ရာများကို တင်ပြဆွေးနွေးခဲ့ရာ သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးခဲ့ကြပြီး အသက် (၁၈) နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး (၆) လအထက်ရှိသူ ဒေသခံပြည်သူ (၄၂) ဦးအား ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦး၊ အဖွဲ့ဝင်-၁ ဗိုလ်မှူးသက်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့ (တပ်မတော်) ဗိုလ်မှူးကျော်ဇင်၊ အတွင်းရေးမှူး (ယာယီရဲမှူး) ဝင်းကျော်သူ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဒေသခံ ပြည်သူစုစုပေါင်း (၁၃၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲမျိုးသက်(ဝမ်းတွင်း)