ရန်ကုန် စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် မျိုးဗီဇပြောင်း ကြိုတင်ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ၊ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ပူးပေါင်းအဖွဲ့က ဦးဆောင်၍ ခရီးသွားဒေသခံပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း Mask များ တပ်ဆင်ရေး လှုပ်ရှားမှုပြုလုပ်ပြီး နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေပေးရာတွင် ဗဟန်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးနှင့် စည်ပင်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး ပရဟိတအဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများဖြစ်သည့် ဗဟန်းမြို့နယ် ရွှေနံ့သာရပ်ကွက်၊ ရေတာရှည်လမ်းရှိ ဗဟန်းစျေးတို့တွင် စျေးရောင်း၊ စျေးဝယ်သူ ပြည်သူများ၊ လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်တားဆီးကာကွယ်ရေးအတွက် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ မသွားမလာခြင်း၊ ပြင်ပထွက်တိုင်း နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကိုစနစ်တကျ မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံးသုံးပေခန့် ခပ်ခွာခွာနေကြရန်၊ စျေးသည်များအနေဖြင့် နှာခေါင်းစည်း တပ်ဆင်ခြင်းအပြင်၊ လက်အိတ်၊ ခေါင်းစွပ်များ တပ်ဆင်အသုံးပြုကြရန်နှင့် မိမိတို့ဆိုင်တွင် လက်သန့်ဆေးရည်များ ထားရှိကြရန်၊ စျေးဝယ်သူများကိုလည်း လက်ဆေးစေရန်တို့ကို တိုက်တွန်းနှိုးဆော်ခဲ့ပြီး ပါးစပ်နှင့် နှာခေါင်းစည်းများအား ခရီးသွားပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့သည်။ ထို့ပြင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေး နည်းလမ်းများကိုလည်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)