မြင်းခြံ စက်တင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ဂွေးပင်တောကျေးရွာတွင် လယ်ယာသုံးစက်ကိရိယာနည်းပညာသစ်(SubSoiler) ထွန်ယက်ရေး သရုပ်ပြသခြင်းကို ယမန်နေ့နံနက် (၈) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လယ်ယာသုံးစက်ကိရိယာ နည်းပညာသစ် (SubSoiler) ထွန်ယက်ရေး သရုပ်ပြသခြင်းတွင် ခရိုင်စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး၊ နွားထိုကြီးမြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဂွေးပင်တောကျေးရွာမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။
“လယ်ယာသုံးစက်ကိရိယာ နည်းပညာသစ်(SubSoiler) ထွန်ယက်ရေးသရုပ်ပြသခြင်းကတော့ လယ်ယာမြေများတွင် မြေဆီလွှာတွေ ကျုံ့တဲ့အတွက် ယခုကျွန်တော်တို့ ပြသတဲ့ ထွန်စက်နဲ့ ထွန်ယက်မယ်ဆိုရင် မြေဆီလွှာကျုံ့ခြင်းကြောင့် ကျစ်လစ်သိပ်သည်းတဲ့ မြေဆီလွှာကို ထိုးခွဲနိုင်ခြင်းကြောင်း မြေအစိုဓာတ်ကိုလဲ ထိန်းသိမ်းနိုင်ပြီး မြေဆီလွှာကျစ်လှစ်သိပ်သည်းတာကို မဖြစ်ပေါ်စေပါဘူး။ ထို့အပြင် မြေဒုံပေါက်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ကျစ်လှစ်သိပ်သည်းတဲ့ မြေဆီလွှာကို ထိုးခွဲနိုင်တဲ့အတွက် အပင်တွေရဲ့အမြစ်ထွက်အား ကောင်းခြင်း၊ ရေစုပ်ယူမှုအားကောင်းခြင်းအပြင် အပင်ရဲ့လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ နိုင်ထရိုဂျင်ဓာတ်ကို ပိုမို ရရှိစေမှာ ဖြစ်ပါတယ်” ဟု နွားထိုးကြီးမြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးကပြောသည်။
တောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာ နည်းပညာသစ် (SubSoiler) ထွန်ယက်စက်ဖြင့် မိမိတို့လယ်ခင်းတွေမှာ ထွန်ယက်ခြင်ပါက နွားထိုးကြီးမြို့နယ် စက်မှုလယ်ယာဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)