တောင်ကြီး စက်တင်ဘာ ၁၆
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်မားလာသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအား ကာကွယ်၊ ထိန်းချုပ်နိုင်စေရန် တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်နှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ တောင်ကြီးမြို့ လူစည်ကားသော နေရာ ဖြစ်သည့် မြို့မဈေးကြီးဝန်းကျင်တွင် ယမန်နေ့ မွန်းလွဲပိုင်း က (Mask)မတပ်သူများအား နှာခေါင်းစည်း (Mask) များဖြန့်ဝေကာ အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အပြင်ထွက်သွားလာတဲ့ ပြည်သူတွေကို နှာခေါင်းစည်း(Mask)တပ်ပြီးသွားလာဖို့ ကျယ်ကျယ် ပြန့်ပြန့် အသိပေးထားပြီးဖြစ်ကြောင်း ၊ ရောဂါတွေ ပြန့်ပွားမှုမရှိစေရေးအတွက် ဒီနေ့မှာ ထပ်မံပြီး တော့ ပြည်သူတွေလိုက်နာဖို့ ပိုပြီးတော့အားထည့်ပြီး ဆောင်ရွက်တဲ့အနေနဲ့ အပြင်ထွက် တိုင်း နှာခေါင်းစည်း(Mask)တပ်ဖို့၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကိုထိန်းချုပ်နိုင်ဖို့ ဒီလို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အခုလောလောဆယ် တောင်ကြီးမြို့ပေါ်မှာ ပညာပေး လုပ်ငန်း တွေကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေတဲ့အပြင် အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဝင်းထွေးက ပြောကြားခဲ့ သည်။
တောင်ကြီးမြို့ပေါ်ရှိ ပြည်သူလူထုများအသွားအလာများသည့်နေရာဖြစ်သော မြို့မဈေးကြီး နှင့်ဗိုလ်ချုပ်အောင်ဆန်းလမ်းမတစ်လျှောက်တွင် လမ်းလျှောက်လာသူ၊ဆိုင်ကယ်စီးသူများနှင့် စက်ဘီးစီးသူများကို အဓိကထား၍ နှာခေါင်းစည်း(Mask)မတပ်သူများ၏ အမည်၊နေရပ်လိပ်စာ၊ ဖုန်းနံပါတ်များ ကို မှတ်တမ်းယူခြင်း၊ နှာခေါင်းစည်း(Mask)များအခမဲ့ ဝေငှခြင်းများပြုလုပ်ပြီး နောက်တစ်ကြိမ် ထပ်မံစစ်ဆေးဆောင်ရွက်ချိန်တွင် နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်းမရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)