ကျောက်ဆည်မြို့နယ်တွင် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ကျောက်ဆည် စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီခွဲက ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်ပတ်ဝန်းကျင် ထိမ်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်မော်ကိုက အိုဇုန်းလွှာဆိုသည်မှာ အောက်ဆီဂျင်အက်တမ်သုံးခုဖြင့်ဖွဲ့စည်းထားသည့် မော်လီကျူးတစ်ခုဖြစ်ပြီး ဂရိဘာသာစကားအရ အနံ့ထွက်သည်ဟု အဓိပ္ပာယ်ရကြောင်း၊ အိုဇုန်းလွှာသည် နေရောင်ခြည်နှင့်အတူ ပါရှိလာသည့်ခရမ်းလွန်ရောင်ခြည်များ ကမ္ဘာမြေပြင်သို့ တိုက်ရိုက်မရောက်ရှိစေရန် ကာကွယ်စစ်ထုတ်ပေးသော အငွေ့စစ်ကိရိယာတစ်ခုအနေဖြင့် ကမ္ဘာမြေကြီးအား အကျိုးပြုပေးလျက်ရှိကြောင်း၊ အိုဇုံးလွှာပါးခြင်း သို့မဟုတ် ပေါက်ခြင်းများဖြစ်လာပါက ခရမ်းလွန်ရောင်ခြည်များ မြေပြင်သို့တိုက်ရိုက်ကျရောက်ပြီး လူနှင့်သတ္တဝါများအားလုံး ရောဂါထူပြောပြီးဒုက္ခရောက်ကြရမည်ဖြစ်ကြောင်းနှင့် တာဝန်ရှိသူများအနေဖြင့် အိုဇုန်းလွှာပျက်စီးမှု မရှိစေရေးနှင့်ကမ္ဘာမြေကြီးသာယာစိုပြေစေရေးတို့အတွက် အိုဇုံးလွှာထိခိုက်ပျက်စီးစေမည့် ဒြပ်ပစ္စည်းများတင်သွင်းမည့်ကမ္ပဏီများနှင့် လုပ်ငန်းရှင်များအားနှစ်စဉ်ခွဲတမ်းစနစ်ဖြင့် တင်သွင်းနိုင်ရန် မှတ်ပုံတင် ထုတ်ပေးခြင်း၊ ထောက်ခံချက်ပေးခြင်းများအပြင် ကုန်ပစ္စည်းများတင်ပို့ခြင်းမပြုမီ ပိုးမွှားကာကွယ်မှုနှင့် ပိုးမွှားသန့်စင်မှုအနေဖြင့် မီသိုင်းဘရိုမိုက်နှင့် အိုဇုံးလွှာထိခိုက်စေမည့် ဒြပ်ပစ္စည်းများစစ်ဆေးကာ အစားထိုး ဒြပ်ပစ္စည်းတင်သွင်းမှုများ ထောက်ခံပေးလျက်ရှိကြောင်း အသိပညာပေးပြောကြားခဲ့သည်။

ဆက်လက်ပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်စိုးစံက ကမ္ဘာမြေကြီးပူနွေးမှု၊ ရာသီဥတုပြောင်းလဲမှုများအကြောင်းနှင့် အိုဇုန်းလွှာထိခိုက်ပျက်စီးစေသော ရေခဲသေတ္တာ၊ မော်တော်ယာဉ်၊ လေအေးပေးစက်၊ အအေးခန်းများ၊ ရှုဆေးများ၊ ဆိုဖာရေမြှုပ်များ ထုတ်လုပ်ရာနှင့် လျှပ်စစ်ပစ္စည်းများ သန့်စင်ရာတွင် အသုံးပြုသောဓာတုပစ္စည်းများအကြောင်း၊ ကုန်ပစ္စည်းများပိုးမွှားကာကွယ်မှု၊ ပိုးမွှားသန့်စင်မှုများနှင့် သီးနှံများပိုးသတ်မှိုင်းတိုက်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများအကြောင်းနှင့် အိုဇုန်းလွှာပျက်စီးခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည့် ရောဂါများအကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ဆုံးရှုံးခဲ့သည့်အကြောင်းအရာများအကြောင်း အသိပညာပေးပြောကြားခဲ့ပြီး ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပညာပေး Video Clip ပြသခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သက်မောင်