အလုံမြို့နယ်‌၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ တားဆီးကာကွယ်ရေး ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ရေး Mask Campaign ဆောင်ရွက်

အလုံ စက်တင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ ကိုဗစ်-၁၉  မျိုးကွဲသစ်အိုမီခရွန် ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက  ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့် အခါတိုင်း ပါးစပ်၊ နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်သည့် အလေ့အကျင့် ကောင်းများ လိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍   ပါးစပ်၊ နှာခေါင်းစည်း  (Mask) တပ်ဆင်ရေး Mask Campaign  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူစည်ကားရာ နေရာများဖြစ်သည့် ဆင်မင်းစျေးတွင် စျေးရောင်းချသူများ၊ စျေးဝယ်သူများ၊ ခရီးသွားပြည်သူများအား နေအိမ်ပြင်ပထွက်ခွာသည့် အခါတိုင်း ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ရန်၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်၊ စျေးရောင်းချသူများ၊ စျေးဝယ်သူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ဆောင်ရွက်ကြရန် စသည်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းနှင့် ပါးစပ်၊ နှာခေါင်းစည်း (Mask ) များ အခမဲ့ဖြန့်ဝေခြင်းကို  ဆောင်ရွက်ခဲ့သည်။

အဆိုပါ Mask Campaign  ကို အလုံမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် စည်ပင်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များတို့ ပါဝင်သော ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တင်တင်ချို(ပြန်/ဆက်)