တာချီလိတ် စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် "လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲကို မယ်ခေါင်ရပ်ကွက်ရှိ စက်မှုလယ်ယာဦးစီးဌာနဝင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ခွဲဦးစီးဌာနမှူး(ရှမ်းအရှေ့)မှ ဦးဝင်းဇော်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ရာ၌ စက်မှုလယ်ယာဦးစီးဌာန၏ အဓိကလုပ်ငန်းတာဝန်ကြီး(၆)ရပ်ဖြစ်သော လယ်ယာဝန်ဆောင်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အဖွဲ့အစည်းများ၊ တောင်သူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်၊ စက်မှုလယ်ယာစနစ် ကျင့်သုံးနိုင်သော လယ်ယာမြေနှင့်စိုက်ပျိုးမြေများ တိုးတက်ပေါ်ထွန်းလာစေရန်၊ လယ်ယာလုပ်ငန်းခွင်တွင် လယ်ယာသုံးစက်ကိရိယာများ တိုးတက်သုံးစွဲနိုင်ရေး ကူညီပံ့ပိုးဆောင်ရွက်သွားရန်၊ လယ်ယာသုံးစက်ကိရိယာပြင်ဆင်ရေး အလုပ်ရုံများကို မြို့နယ်စက်မှုလယ်ယာစခန်းများတွင် တိုးချဲ့ဖွင့်လှစ်၍ တောင်သူများလက်ဝယ်ရှိ လယ်ယာသုံး စက်ကိရိယာများအား စနစ်တကျပြုပြင်ပေးနိုင်ရေးနှင့် လိုအပ်သော စက်အရန်ပစ္စည်းများကို အလွယ်တကူဝယ်ယူ ရရှိနိုင်ရေးအတွက် စက်မှုလယ်ယာအသိပညာ၊ အတတ်ပညာများလေ့ကျင့်ပေးသွားရန်နှင့် စက်မှုလယ်ယာသုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားရန် တို့ကိုရှင်းလင်းပြခဲ့ပြီး သင်တန်းတွင်ပို့ချလိုက်သည့် အခြေခံ သဘောတရားများကို မိမိပတ်ဝန်းကျင်ရှိ တောင်သူများအား မျှဝေပေးစေလိုကြောင်း ပြောကြားသွားခဲ့သည်။
ထို့နောက် သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပြီး လက်တွေ့သင်ကြားလုပ်ဆောင်ခြင်း၊ မောင်းနှင်ပြသခြင်းများ လုပ်ဆောင်ခဲ့ကြကြောင်း သင်တန်းတွင် ကျေးလက်ဒေသမှတောင်သူ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ (၁၂) ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)