တံတားဦး စက်တင်ဘာ ၁၉
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးထားသည့် တံတားဦးမြို့နယ် စပါးတွင်းကျေးရွာအုပ်စု စည်ပင်ကွေ့ကျေးရွာ၌ စိုက်ပျိုးထားသော တစ်ရွာတစ်ဧကစိုက်ခင်း အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယနေ့နံနက်ပိုင်းက မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အရိပ်ရပင်များပိုမိုရှင်သန်ရေးအတွက် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါ တစ်ရွာတစ်ဧက စိုက်ခင်းတွင် ကျွန်း၊ ယူကလစ်၊ ကုက္ကိုစသည့် အပင်များ စိုက်ပျိုးထားပါကြောင်း၊ စိုက်ခင်းများစိုက်ပျိုးရာတွင် ကျွဲ ၊ နွား တိရစ္ဆာန်များကြောင့် ထိခိုက်မှု မဖြစ်စေရန် စနစ်တကျစိုက်ပျိုးထားပါကြောင်းနှင့် ယခုအခါ မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ စိုက်ပျိုးထားသော တစ်ရွာတစ်ဧကစိုက်ခင်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်ဦးစီးအရာရှိ ဦးအေးချမ်းအောင်ထံမှ သိရသည်။
မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက စိုက်ပျိုးထားသော တစ်ရွာတစ်ဧက စိုက်ခင်းပိုမိုအောင်မြင်ဖြစ်ထွန်းရေးအတွက် ပေါင်းမြက်ရှင်းလင်းခြင်း၊ ရေလောင်းခြင်းလုပ်များ စုပေါင်းဆောင်ရွက်ခဲ့ပါကြောင်း တံတားဦးမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစို ပြည်ရေးဦးစီးဌာနမှ အဆိုပါကျေးရွာ၌ တစ်အိမ်ထောင်လျှင် ကျွန်းသုံးပင်၊ သစ်မာ(၂၀)ပင်ကို လည်းကောင်း၊ မြိုင်သာကျေးရွာအုပ်စု သက္ကယ်ကျင်းကျေးရွာတွင် ပြည်သူဗဟိုပြု အရိပ်ရပင် (၁၀၀၀) ပင်ကိုလည်းကောင်း စိုက်ပျိုးထားပါကြောင်း၊ ဒါ့အပြင် နှစ်စဉ်မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် ရာသီဥတုပြောင်းလဲမှု ဂေဟစနစ်များ မျှတကောင်းမွန်စေရေး၊ ပျက်စီးဆုံးရှုံးသည့် သဘာဝတောများ ပြန်လည်ကောင်းမွန်စေရေး စသည့်ရည်ရွယ်ချက်များဖြင့် စိုက်ပျိုးခြင်းဖြစ်ကြောင်း မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။
ရဲတင့်