ရမ်းဗြဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး Mask Campaign ပြုလုပ်

ရမ်းဗြဲ စက်တင်ဘာ ၁၉

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးနှင့် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက် ၇ နာရီအချိန်က လူသွားလူလာများသော ရမ်းဗြဲမြို့၊ ရမ္မာဝတီမြို့မဈေးလမ်းဆုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ပညာရေးဌာနမှဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များတို့က ပူးပေါင်းဆောင်ရွက်ကြသည်။

အဆိုပါပူးပေါင်းအဖွဲ့တို့သည် ဈေးရောင်း၊ ဈေးဝယ်ရန်ရောက်ရှိလာကြသူများ၊ အငှားယာဉ်မောင်းနှင်သူများ သုံးဘီးဆိုင်ကယ်မောင်းနှင်သူများနှင့် လမ်းသွားလမ်းလာပြည်သူများအား အပြင်ထွက်သည့်အခါတိုင်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကိုဆပ်ပြာနှင့် ဆေးကြောရန်၊ လူစုလူဝေးရှောင်ရှားကြရန်စသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများကို ပြည်သူများသို့ အသိပညာပေးပြောကြားခြင်းများ ပြုလုပ်ဆောင်ရွက်ကြပြီး ကိုဗစ်-၁၉ ရောဂါ ကြိုဝင်ကာကွယ်နိုင်ရန်နှင့် ကူးစက်ပျံ့ပွားမှုမဖြစ်ပေါ်စေရေးအတွက် Mask အခု ၂၀၀၀ ကို အခမဲ့ဖြန့်ဝေပေး ခဲ့ကြကြောင်း သိရသည်။

အောင်နိုင် (ပြန်/ဆက်)