မိတ္ထီလာ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

မိတ္ထီလာ စက်တင်ဘာ ၁၉

မိတ္ထီလာခရိုင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်း ရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပကြောင်းသိရသည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲမကျင်းပမီ ရှေးဦးစွာ ပြိုင်ပွဲကျင်းပရခြင်းအကြောင်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က  ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်က ပြိုင်ပွဲစည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထိုနောက် ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ အထက (၂)၊ အထက (၄) နှင့် အထက(ခွဲ) အောင်ဇေယျာကျောင်းမှ  ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ကြသည်။ ပြိုင်ပွဲကျင်းပပြီးချိန်တွင် ဒိုင်အဖွဲ့ဒိုင်ချုပ်အဖြစ် ဆောင်ရွက်သူ စာရေးဆရာတင်တော်က ပြိုင်ပွဲဝင်များ၏ ဝင်ရောက်ယှဉ်ပြိုင်မှုများကို သုံးသပ်ဆွေးနွေးပြီး ဆုများ ရွေးချယ်ခဲ့ခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထိုနောက် ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများအား ဂုဏ်ပြုဆုများကို လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ ဦးစီးအရာရှိဒေါ်မာလာဆွေဝင်၊ ဒုတိယ ဦးစီးမှူး ဦးထွန်းထွန်း၊ စာရေးဆရာတင်တော်နှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုး သူများအသင်းမှ တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ချမ်းသာ