မောက်မယ် စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ရပ်ကွက် အတွင်းရှိဒေသခံပြည်သူများအား ပေါက်ကွဲစေနိုင်သည့် စစ်အကြွင်းအကျန်များဖြစ်သည့် မိုင်းအန္တရာယ်များကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မွေတော်ရပ်ကွက်ရှိ တောင်ကျောင်းတော်ဘုန်းတော်ကြီးကျောင်းနှင့် ကွန်ကျိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ညက မောက်မယ်မြို့နယ် ကြက်ခြေနီ အသင်းခွဲ မြို့နယ်တပ်ဖွဲ့မှူး ဦးဇော်အောင်က ပေါက်ကွဲစေနိုင်သည့် စစ်အကြွင်းအကျန်များဖြစ်သည့် မိုင်း အန္တရာယ်များကိုသိရှိနားလည်နိုင်စေရန် မိုင်းအမျိုးအစားများ၊ မြေမြုပ်မိုင်းများပေါက်ကွဲ နိုင်သောကြောင့် အသက်ဆုံးရှုံးခြင်း၊ တစ်သက်လုံးဒုက္ခိတဖြစ်နိုင်ခြင်း၊ စစ်လက်နက်အကြွင်းအကျန်များ၏ ဝေးရာတွင်နေရန်နှင့် ရှောင်ရှားတတ်စေရန်၊ မိမိနှင့်အကျွမ်းတဝင်မဖြစ်သောဒေသတွင် ခရီးသွားပါက လူအများအသုံးပြုသောလမ်းမများ/လမ်းကြောင်းများအသုံးပြုရန်၊ ဒေသခံလူများအား အန္တရာယ် ရှိနိုင်၊ မရှိနိုင် မေးမြန်းရန် စသည့်အကြောင်းအရာများနှင့် ဒေသအတွင်းဒုက္ခိတများရှိပါက မောက်မယ်မြို့နယ် ကြက်ခြေနီအသင်းခွဲထံသို့ စာရင်းပေး သွင်းရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြော ကြားပြီး တက်ရောက်လာသည့်ပြည်သူများက သိရှိလိုသည်များမေးမြန်းရာ မြို့နယ်တပ်ဖွဲ့မှူး က ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)