ပျဉ်းမနားမြို့ ဆုတောင်းပြည့်လောကမာရဇိန်ဘုရားကြီး၌ မြို့နယ်လုံးဆိုင်ရာ အသံမစဲ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ပျဉ်းမနား စက်တင်ဘာ ၁၉

နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသည့် ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် ဆုတောင်းပြည့်လောကမာရဇိန်ဘာရားကြီး အရှေ့ဘက်အာရုံခံတန်ဆောင်း၌ကျင်းပရာ ပျဉ်းမနားမြို့နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ မာရ်အောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇာဂရမထေရ်မြတ် အမှူးပြုသည့် ဆရာတော်သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးဇေယျာလင်း၊ ဦးမြင့်စိုးနှင့် ဦးကျော်သိန်းဆိုင်တို့အမှူးပြုသည့် ဧည့်ပရိတ်သတ်များက ပျဉ်းမနားမြို့နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ မာရ်အောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇာဂရမထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် မာရ်အောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇာဂရမထေရ်မြတ်ထံ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ပဋ္ဌာန်းကျမ်းစာအုပ်များအားလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ပဋ္ဌာန်းပရိတ်ပန်းနှင့် ပရိတ်ရေများအားလည်းကောင်း အသီးသီးဆက်ကပ်ကြသည်။

ယင်းနောက် ဆရာတော်သံဃာတော်များဦးဆောင်၍ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို သုံးကြိမ်ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး နေပြည်တော်ကောင်စီဝင်များ အမှူးပြုသည့် ဧည့်ပရိတ်သတ်များက ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူးဇော်ပွဲကို စက်တင်ဘာလ(၁၉)ရက်နေ့မှ(၂၃)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)