လှည်းကူးမြို့နယ်ရှိ ကျေးရွာများတွင် နှာခေါင်းစည်း Mask များဖြန့်ဝေ

လှည်းကူး  စက်တင်ဘာ  ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက ငွေနံ့သာစံပြကျေးရွာ၊ ဒါးပိန်တောင်ကျေးရွာ၊ အုန်းနှဲကုန်းကျေးရွာ၊ ရှမ်းထက်ကျေးရွာ၊ အဝိုင်းကျေးရွာများရှိ လူစည်ကားရာနေရာများ၊ စျေးများ၊ လမ်းဆုံလမ်းခွနေရာများတို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများနေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါ ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးဆောင်ရွက်နိုင်ရန်၊ ကိုဗစ်-၁၉ ရောဂါညွှန်ကြားချက်များနှင့်အညီ ပြည်သူများလိုက်နာဆောင်ရွက်ရမည့်အချက်များကို အလေးထားလိုက်နာဆောင်ရွက်ကြစေရန်ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ပူးပေါင်းအဖွဲ့ကဦးဆောင်၍ ဒေသခံပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း Mask များတပ်ဆင်ရေးလှုပ်ရှားမှုပြုလုပ်ပြီး နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask ဖြန့်ဝေခြင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းများ၊ ပူးပေါင်းအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုရေးအသင်းအဖွဲ့တို့ကပြည်သူများ လက်ဝယ်အရောက်နှာခေါင်းစည်း Mask များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)