တံတားဦး စက်တင်ဘာ ၁၉
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၉)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပကြောင်းသိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က မူးယစ်ဆေးဝါးသည် လူငယ်တို့၏ အနာဂတ်ကို ဖျက်ဆီးနိုင်ကြောင်း၊ လူငယ်များသည် မူးယစ်ဆေးဝါးကို လက်တည့်မစမ်းစေလိုကြောင်း မူးယစ်ဆေးဝါးအန္တရာယ်ကို တိုက်ဖျက်ရန် လူသားတိုင်းတွင် တာဝန်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးဆိုသည်မှာ ဘိန်းပင်၊ ကိုကားပင်၊ ဆေးခြောက်ပင်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အပင်တစ်မျိုးမျိုး၊ ၎င်းမှ ထွက်ရှိသောအရာ ဝတ္ထုများ၊ ဆေးဝါးများ၊ စိတ်ကိုပြောင်လဲစေ သောဆေးဝါးများဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး အမျိုးပေါင်း(၁၂၆)မျိုးရှိပြီး၊ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးပေါင်း (၁၁၆)မျိုးရှိပါ ကြောင်းမူး ယစ်ဆေး သုံးစွဲရခြင်းမှာ စူးစမ်းလိုခြင်း စမ်းသပ်လိုခြင်း၊ မူးယစ်ဆေးစွဲသူသည် အပေါင်း အသင်းဆန္ဒကို မလွန် ဆန်နိုင်ခြင်း အထင်ကြီးအားကျမိခြင်း၊ ကျောင်းသားဘဝတွင် စိတ်လေလွင့်၍ အပေါင်းအသင်းများ ဆွဲဆောင်မှုကြောင့် ဆေးသုံးစွဲခြင်းဖြစ်ကြောင်း၊ လူငယ်လူရွယ်များမှာ စူးစမ်းလိုသောကြောင်းလည်းကောင်း၊ လူမှုရေးကိစ္စအဆင်မပြေသောကြောင့်လည်းကောင်း၊ မူးယစ်ဆေးကို စမ်းသပ်သုံးစွဲမိရာမှ ဆေးစွဲတတ်ပါကြောင်း၊ ပြည်သူများအနေဖြင့် မူးယစ်ဆေးကို မည်သည့်အချိန်အခါမျှ မသုံးစွဲကြရန် လိုကြောင်း ရှင်းလင်းပြောကြားကြောင်းသိရသည်။
ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူများက မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းနှင့် ပတ်သက်၍ မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ မြို့နယ်ဒုတိယ ဦးစီးမှူးက မိမိလေ့လာမှတ်သားထားသည်များကို ပြန်လည်ဖြေကြားပေးသည်။ အဆိုပါအခမ်းအနားသို့ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများ၊ ဆရာ/မများ တက်ရောက်ကြကြောင်း သိရသည်။
ရဲတင့်