ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ပပြားကန်ရေဖြင့် စပါးစိုက်တောင်သူများ စပါးစိုက်ပျိုးမှုပြီးစီး

ညောင်ဦး  စက်တင်ဘာ  ၁၉

ညောင်ဦးခရိုင် ငါ့သရောက်မြို့ အမှတ်(၂) ပျဉ်းပင်ရပ်ရှိ ပပြားဆည်ရေဖြင့် စပါးစိုက်တောင်သူများ စပါးစိုက်ပျိုးပြီးကြပြီဖြစ်ကြောင်း ငါ့သရောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းထံမှ သိရသည်။

ငါ့သရောက်မြို့နယ်တွင်  ထူးခြားမှုအနေဖြင့် ပပြားဆည် (ခေါ်) ပျဉ်းပင်ကန်ကြီးတစ်ကန်ထဲမှသာ ရေသွင်းစိုက်ပျိုးသည့်နေရာရှိပြီး အခြားနေရာများတွင် စပါးစိုက်ပျိုးမှုမရှိကြောင်း သိရပြီး ယခုနှစ် မိုးရေဝင်ရောက်မှုများခြင်းကြောင့် ဆည်အောက်ဘက်လယ်ပိုင်ရှင်များအားလုံး စပါးစိုက်ပျိုး ပြီးကြပြီဖြစ်ကြောင်း စပါးစိုက်တောင်သူ ဦးပေါစံကပြောပြသည်။ မနှစ်က စပါးစိုက်ပျိုးပြီးချိန် ပပြားဆည်အတွင်း ရေစောစီးစွာခန်းခြောက်သွားခြင်းကြောင့် စပါးစိုက်ပျိုးတောင်သူများ စပါးမရကြဘဲ စပါးမျိုးနှင့် လုပ်အားပါဆုံးရှုံးခဲ့သည့်နှစ်ဖြစ်ကြောင်း သိရကာ ဒီနှစ်ပပြားဆည်အတွင်း ရေအတော် အတန်ဝင်ရောက်ခြင်းကြောင့် လယ်ပိုင်ရှင်အားလုံး စပါးစိုက်ပျိုးကြရာ စပါးစိုက်ဧက (၁၀) ကျော်စိုက် ပျိုးခဲ့ကြကြောင်း ငါ့သရောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးမျိုးထက်ထန် (ဦးစီးမှူး) ထံက သိရသည်။

ညောင်ဦးမြို့နယ် ငါ့သရောက်မြို့သည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းရပ်ဝန်း မိုးနည်းရပ်ဝန်း ဒေသတွင်ပါဝင်ကာ တစ်နှစ်ပတ်လုံးမိုးရေချိန် နှစ်ဆယ်လက်မအောက်အတွင်းသာ ရွာသွန်းသည့် ဒေသဖြစ်ကာ ငါ့သရောက်တစ်နယ်လုံး မြေသားရေလှောင်ကန်မှရေကိုသာ ခေတ်အဆက်ဆက်  မှီခိုအားထားခဲ့သည့်အလျောက် နိုင်ငံတော်အစိုးရမှ ကျေးလက်ဒေသရေရရှိရေးအတွက် ကျေးရွာတိုင်း အဝီစိစက်ရေတွင်းများ တူးဖော်ပေးသော်လည်း ထုံးဓာတ်ပါဝင်မှုမြင့်မားခြင်းကြောင့် သုံးရေ ချိုးရေနှင့် တိရစ္ဆာန်များအတွက်သာ အသုံးများပြီး သောက်ရေအတွက် ကန်ရေ၊ မြေသားရေလှောင် ကန်ရေကိုသာ သုံးစွဲကြကြောင်း ထမင်းဟင်းချက်ရာတွင်လည်း ကန်ရေကိုသာသုံးစွဲရကြောင်း ထမင်းဟင်းချက်ပါက အသိုးမြန်ခြင်းကြောင့် ထမင်းဟင်းမချက်ကြကြောင်း ထန်းငယ်တောရပ်နေ ဦးအောင်ဆန်းမှ ပြောပြ၍သိရသည်။ အမှတ် (၂) ပျဉ်းပင်ရပ်ပပြားဆည်ကြီးရေဝင်ရောက်မှုများခြင်း ကြောင့် စပါးစိုက်တောင်သူများ စိုက်ပျိုးကြရာ အားလုံးစပါးစိုက်ပျိုးပြီးပြီဖြစ်ကြောင်းသိရကာ ပပြား ဆည်ရေသောက် စပါးစိုက်တောင်သူများ ဆင်းသုခစပါးမျိုးများသာစိုက်ပျိုးကြပြီး တစ်တင်းခွဲလျှင် နှစ်သောင်းငါးထောင်ကျပ်ပေးဝယ်ကာ ပျိုးထောင်စိုက်ပျိူးကြကြောင်းသိရသည်။ ထူးခြားမှုအနေ ဖြင့် ငါ့သရောက်တစ်မြို့နယ်လုံး အမှတ် (၂) ပျဉ်းပင်ရပ်ရှိပပြားဆည်မှသာ စပါးစိုက်ပျိုးခြင်းနှင့်နွေ ရာသီအထိရေရှိလျှင် အာလူး၊ မေမြို့ပန်း၊ ဂန္ဓာပန်း၊ ဆလပ်အမျိုးမျိုး၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းကြောင့် ဆည်ရေဖြင့် စိုက်ပျိုးရေးလုပ်သည့် တစ်ခုတည်းသော နေရာဖြစ်ကြောင်း သိရကာ အဆိုပါ ပပြားဆည် (ခေါ်) ပျဉ်းပင်ကန်သည် ဆည်အောက်ဘက်ရှိ စိုက်ပျိုးရေးတောင်သူ မျှဝေသုံးစွဲသည့် ဆည်ဖြစ်ကာ တောင်သူများအလှည့်ကျဖြင့် စောင့်ရှောက်သော ဆည်ဖြစ်ကြောင်း သိရသည်။

ကိုကြေးမုံ