ကျောက်ဆည်မြို့နယ် အရှေ့ငယ်တိုးကျေးရွာတွင် သောက်သုံးရေဖူလုံစွာရရှိရေး ဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ကျောက်ဆည်  စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝမြင့်မားစေရေး လိုအပ်ချက်များအား အစဉ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၌ အရှေ့ငယ်တိုးကျေးရွာတွင် သောက်သုံးရေဖူလုံစွာရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိရာလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ရေပေးဝေရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်(၃၄၆.၇၇)သန်းအကုန် အကျခံကာ အကျယ်(၄)လက်မ၊အနက်(၅၀၀)ပေ စက်ရေတွင်း(၁)တွင်း၊ ရေခါလံ (၂၄၀၀)ဆံ့ စင်မြင့်ရေ စင် (၁)စင်နှင့် (၅x၅x၇)ပေ ရေစက်ရုံ(၁)ရုံနှင့်  ကျေးရွာအတွင်းရေပေးဝေရေးအတွက် (၂)လက်မ အကျယ် (PVC ) ပိုက်ဖြင့် အရှည် (၅၂၈၀)ပေ သွယ်တန်းခြင်း လုပ်ငန်းများဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် အရှေ့ငယ်တိုးကျေးရာတွင်  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သန့်ရှင်းသောသောက်သုံးရေ ပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှုကြောင့် အိမ်ခြေ(၆၅၇)၊ လူဦးရေ(၂၃၁၉)ဦးအတွက် သောက်သုံးရေများ ရာသီမရွေးဖူလုံစွာ အိမ်အရောက်လက်လှမ်းတစ်မီ သုံးစွဲနိုင်သည့်အပြင် ကျွဲ၊ နွားများနှင့် အိမ်မွေးတိရစ္ဆာန်များအတွက်လည်း ရေများဖူလုံစွာ သုံးစွဲနိုင်ပြီဖြစ် ကြောင်းသိရသည်။

သက်မောင်