အလုံမြို့နယ်၌ စားသောက်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်

အလုံ စက်တင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အတွင်း လူစည်ကားရာ စားသောက်ဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို  ယမန်နေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  စားသောက်ဆိုင်များမှ  ကိုဗစ်-၁၉  ဆိုင်ရာ စည်းကမ်းချက်များနှင့် အညီ လူမြင်သာသောနေရာများတွင် (လက်ဆေးပါ၊ mask တပ်ပါ) ပိုစတာများ ချိတ်ဆွဲထားရှိခြင်း ရှိ၊ မရှိ၊ စားသောက်ဆိုင်ရှင်များ၊ ဝန်ထမ်းများ၊ စားသောက်သူများ အနေဖြင့် ပါးစပ်၊ နှာခေါင်းစည်း Mask တပ်ဆင်ခြင်း ရှိ၊ မရှိ၊ ဆိုင်ထိုင်စားသောက်သူများအတွက်  သတ်မှတ်အကွာအဝေးများအတိုင်း ထားရှိပြင်ဆင် စားသောက်ခြင်း ရှိ၊ မရှိ ၊ ဆိုင်အဝင်အဝများတွင် လက်ဆေးကန်များထားရှိ အသုံးပြုခြင်း ရှိ၊ မရှိ၊ ရေမလို လက်သန့်ဆေးများ အလုံအလောက်ချထားသုံးစွဲခြင်း ရှိ၊ မရှိခြင်း တို့ကို စစ်ဆေးပြီး လိုအပ်သည်များကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းကို အလုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တင်တင်ချို(ပြန်/ဆက်)