သာကေတမြို့နယ်တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲ ဆုချီး​​မြှင့်​ခြင်း အခမ်းအနား ကျင်းပ

သာကေ စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် သာကေတမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးကျင်းပသည့် ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိကြသည့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ (၂:၀၀)နာရီတွင် သာကေတမြို့နယ်၊ စက်မှုလက်မှုရပ်ကွက်၊ စက်မှုဇုံခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ဇော်ဝင်းထွန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲတွင် အကဲဖြတ်အမှတ်ပေးသည့် ဒိုင်အဖွဲ့ဝင်များ၊ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး အမျိုးသားတစ်ဦးချင်း စွမ်းရည်ပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်း စွမ်းရည်ပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲ စွမ်းရည်ပြိုင်ပွဲ၊ အမျိုးသမီး နှစ်ယောက်တွဲ စွမ်းရည်ပြိုင်ပွဲ၊ လေးယောက်တွဲ စွမ်းရည်ပြိုင်ပွဲ၊ ပန်းချီ၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသည့် ပြိုင်ပွဲဝင်များအား တာဝန်ရှိသူများမှ ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုလွှာများ အသီးသီး ချီးမြှင့်ပေးခဲ့သည်။

ထို့နောက် သာကေတမြို့နယ် တပ်ဖွဲ့မှူး ဒေါ်အေးထွေးမိုးမှ​​မြို့နယ်ပရဟိတ လူမှုကူညီရေးအသင်းများသို့ PPE ဝတ်စုံများအား အသင်းကိုယ်စား တက်ရောက်လာသည့် အသင်းဝင်တစ်ဦးအား ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)