ကျောက်တံတားမြို့နယ်တွင် ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူနိုင်ရေး ရောင်းချပေး

ကျောက်တံတား စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ ကျောက်တံတားမြို့နယ်တွင်လည်း အမှတ်(၄)ရပ်ကွက်၊ ပန်းဆိုးတန်းလမ်း အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှု ရှိစေရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးတို့အတွက် ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဥက္ကဋ္ဌ ဦးမြင့်စိန်‌ ခေါင်းဆောင်ပြီး ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြီးကြပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်များကို ‌ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၇၀၀ ကျပ်၊  စားဆီ တစ်ပိဿာလျှင် ၄၈၀၀ ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၇၅ ကျပ်နှုန်းဖြင့် နေ့စဉ်ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

ရွှေဇင်ခိုင်(ပြန်/ဆက်)