ကျောက်ဖြူ စက်တင်ဘာ ၁၈
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သော ကျောက်ဖြူခရိုင်မှ ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ပညာရေးဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ဆုရရှိခဲ့သူများနှင့် ပြိုင်ပွဲဝင်များ တက်ရောက် ခဲ့ကြသည်။
အခမ်းအနားတွင် ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်က အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့်ပြိုင်ပွဲတွင် ဆုရရှိခဲ့သူများနှင့် ပြိုင်ပွဲဝင်များကို ဂုဏ်ပြု အမှာစကားပြောကြားခဲ့သည်။ ထို့နောက်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်နိုင်ခြင်းဆုတံဆိပ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံသို့ အသင်းအုပ်ချုပ်သူမှ အပ်နှံပြီး ပြိုင်ပွဲအသီသီးတွင်ဆုရရှိခဲ့သူများကို တာဝန်ရှိသူများက ဆုများပေး အပ်ချီးမြှင့်ခဲ့ရာ ပြိုင်ပွဲကြီးကြပ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ(အသင်းအုပ်ချုပ်သူ) ဦးကျော်ငြိမ်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆုရရှိခဲ့သူများနှင့် ပြိုင်ပွဲဝင်များကို နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးပြီး ဆုရရှိခဲ့သူများနှင့် အဆိုရှင်များမှ ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
အဆိုပါ(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ် အဆင့်ပြိုင်ပွဲ၌ ကျောက်ဖြူခရိုင်ကိုယ်စားပြုအနေဖြင့် ရွှေ ( ၄ )ခု၊ ငွေ ( ၁၁ )ခုနှင့် ကြေး( ၈ ) ခု စုစုပေါင်းဆု(၂၃)ဆု ရရှိခဲ့ကြောင်း ကျောက်ဖြူပြိုင်ပွဲကြီးကပ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ထံမှသိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း