ကလော စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပညာရေးဌာနနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့်ကာယဉာဏဖွံ့ဖြိုးတိုးတက်ရေး၊ အသိပညာပေးနံရံကပ် စာစောင်ပြသပွဲကို ယနေ့နံနက်(၉) နာရီအချိန်က အဆိုပါခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ကာယဉာဏဖွံ့ဖြိုးရေး၊ အသိပညာပေး နံရံကပ်စာစောင် ပြသပွဲပြုလုပ်ရခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က ကျောင်းစာများအပြင် ပြင်ပဗဟုသုတများကိုလည်း ဖတ်ရှု စေလိုကြောင်း ကျောင်းသား/သူများအနေဖြင့် ဘက်စုံထူးချွန်မှုလိုအပ်ပါကြောင်း ဘက်စုံထူးချွန်ရာတွင် သင်ကြားသင်ယူမျိုးကိုသာ လုပ်ဆောင်နေလျင် ဘက်စုံထူးချွန်လာမည် မဟုတ်ဘဲ မိမိတို့၏ကိုယ်ပိုင်အသိဉာဏ်ဖြင့်ပြင်ပဗဟုသုတများကိုလည်းစိတ်ပါဝင်စား စွာ လေ့လာမှတ်သားလိုက်နာ ဆောင်ရွက်မှသာ ဘက်စုံထူးချွန်လာမည်ဖြစ်ပါကြောင်း ကျောင်းသား/သူများအနေဖြင့်လည်း မိမိတို့အားလပ်ချိန်များကို အကျိုးရှိရှိအသုံးချတတ်စေဖို့ စာများများဖတ်ရှုစေလိုပါကြောင်းစသည်ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ဒုတိယ ဦးစီးမှူး ဒေါ်သင်းသင်းမော်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြော ခဲ့သည်။
ထို့နောက် ကျောင်းသား/သူများအား ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပုံတူပန်းချီ ရေးဆွဲနည်းပြိုင်ပွဲ၊ အိမ်ဆောက်ကစားနည်းပြိုင်ပွဲ၊ ခုံလုကစားနည်းပြိုင်ပွဲနှင့် ပါဆယ် ဂိမ်းကစားနည်းများကို ကျင်းပပေးခဲ့ပြီး ပြိုင်ပွဲများတွင် အနိုင်ရရှိသူများအား မြို့နယ် ဦးစီးအရာရှိက အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြောင်းသိရှိရသည်။
ကျော်ဝင်း(ပြန်/ဆက်)