ကျိုက်ထို စက်တင်ဘာ ၁၈
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း အထောက်အကူပြု သင်တန်းဖြစ်သည့် အခမ်းအနားမှူး သင်တန်း(၁/၂၀၂၂)ကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုခန်းမ(Community Centre)၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုး(မြို့နယ်အုပ်ချုပ်ရေးမှူး) က အဖွင့်အမှာစကားပြောကြားပြီး ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် သင်တန်းအစီအမံများကို ပြောကြားခဲ့သည်။
ယင်းနောက်သင်တန်းကိုပို့ချရာမြို့နယ် စာပေချစ်သူများအဖွဲ့ဝင် ဦးတင်ထွေး မြို့နယ် မီးသတ်တပ်ဖွဲ့ဦးစီးအရာရှိ(ငြိမ်း)က MC တစ်ဦးတွင် ရှိရမည့် အဓိက အရည်အချင်းများ ၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီဝင်းက အသုံးအနှုန်း ဝေါဟာရများကို မှန်ကန်စွာသုံးစွဲပြောကြားခြင်း၊ မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က ကြိုတင်ပြင်ဆင်ခြင်း ၊အခမ်းအနား တစ်ခုအောင်မြင်စွာ ကျင်းပခြင်းနှင့် လက်တွေ့ဆန်းစစ်ချက်များအား (၃)ရက်ကြာ ပို့ချသွားမှာဖြစ်သည်။
သင်တန်းသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးမှ ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ စုစုပေါင်း(၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)