ပြင်ဦးလွင် စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ သက်နိုင် (ပြင်ဦးလွင်) ရေးသားသည့် “ကြယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က စာဖတ်ပရိတ်သတ်များ၊ စာပေဝါသနာရှင်များ၊ Book Club အဖွဲ့ဝင်များ နှင့် Youth Club အဖွဲ့ဝင်များဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်းပြုလုပ်၍ ဆွေးနွေးခြင်းကြောင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေခြင်း၊ စာပေအမြင်များအား ရင်းနှီး ပွင့်လင်းစွာဖြင့် ဆွေးနွေးဖလှယ်နိုင်ခြင်း၊ အတွေးအခေါ်နှင့်အသိအမြင်များ တိုးပွား လာစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြား ခဲ့သည်။
ထို့နောက် စာရေးဆရာ သက်နိုင် (ပြင်ဦးလွင်) ရေးသားသည့် “ ကြယ် ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ စာအုပ်ရေးသားရခြင်း၏ ရည်ရွယ်ချက်များ နှင့် စာအုပ်ပါအကြောင်းအရာများနှင့်ပတ်သက်၍ စာရေးဆရာ သက်နိုင်(ပြင်ဦးလွင်) က လည်းကောင်း၊ ငယ်စဉ်ကလေးဘဝထဲက မျက်စိအလင်းကွယ်ခဲ့ရသော်လည်း မသန်စွမ်းသူ များအား ကူညီကယ်ဆယ်ကာ ပရဟိတလုပ်ငန်းဆောင်ရွက်နေသူ မျက်မမြင် ဆရာတော် ဦးဥယျ (ပရဟိတမျက်မမြင်ဘက်စုံပညာသင်ကျောင်း)၏ ပရဟိတလုပ်ငန်း ဆောင်ရွက်နေ မှုများနှင့်ပတ်သက်၍ စာရေးဆရာမ သီတဂူ(ကျောက်ဆည်)က လည်းကောင်း၊ “ ကြယ် ” စာအုပ်ကို ဖတ်ရှုပြီးနောက် ရရှိလာသည့် အတွေးအမြင်များနှင့် ပတ်သက်၍ ကဗျာဆရာ ဇေယျာဝင်းက လည်းကောင်း ဆွေးနွေးပြောကြားကာ စာဖတ်ဝိုင်း တက်ရောက်လာသူများမှ သိလိုသည့် အကြောင်းအရာများ မေးမြန်းခဲ့ရာ စာရေးဆရာ သက်နိုင်(ပြင်ဦးလွင်) က ပြန်လည်ဆွေးနွေး ပြောကြားခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်၊ စာဖတ်ရှိန်မြှင့်တင်စေရန်၊ စာကြည့်တိုက်နှင့်ပိုမိုရင်းနှီးကျွမ်းဝင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖြူလူသစ်