ရှမ်းပြည်နယ် (၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်လှစ်

တောင်ကြီး စက်တင်ဘာ ၁၈

ရှမ်းပြည်နယ် (၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ တောင်ကြီး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ပြိုင်ပွဲဖွင့်ပွဲကို (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ နာယက ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ရာဝန်ကြီး ဦးအောင်မြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည် ။

ဆက်လက်၍ (၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ နာယက ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ယခုကျင်းပသည့် (၂၃)ကြိမ်မြောက်ပြိုင်ပွဲတွင် ချမှတ်ပေးထားသည့် ဦးတည်ချက်နှင့် ရည်ရွယ်ချက်မှာ လူငယ်လူရွယ်များ အပါအဝင် နိုင်ငံသားအားလုံး မျိုးချစ်စိတ်ဓာတ်၊ ဇာတိသွေး ၊ဇာတိမာန် ရှင်သန်ထက်မြက်ရေး၊ မြန်မာ့ရိုးရာ ယဥ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်၊ ထိန်းသိမ်းစောင့်ရှောက်ရေး၊ မြန်မာ့ဂီတ၊ မြန်မာ့အကနှင့် ရွက်ပုန်းသီး အနုပညာရှင် စစ်စစ်များ ပေါ်ထွက်စေရေး၊ လူငယ်ထု စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးနှင့် တိုင်းတစ်ပါးယဥ်ကျေးမှု လွှမ်းမိုးခြင်းမှ ကာကွယ်တားဆီးရေး၊ ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ယဥ်ကျေးမှုကဏ္ဍမှ အထောက်အကူပြုနိုင်ရေး စသည့်တို့ဖြစ်ပြီး နိုင်ငံတော်ဦးတည်ချက်၊ ရည်ရွယ်ချက်များ နှင့်အတူ ရှမ်းပြည်နယ်၏(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊အရေး၊အတီးပြိုင်ပွဲကို ယနေ့နှင့်မနက်ဖြန် နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ပြီး ရှမ်း(အရှေ့)၊ ရှမ်း(မြောက်)၊ ရှမ်း(တောင်နယ် မြေဒေသ(၃)ခုမှ ပြိုင်ပွဲဝင် ဦးရေ(၃၆၈)ယောက် တက်ရောက်ယှဉ်ပြိုင်ကြသည့်အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ ယခု(၂၃)ကြိမ်​မြောက် ပြိုင်ပွဲတွင် ရှမ်းပြည်နယ် ကိုယ်စားပြု ပြိုင်ပွဲဝင် မောင်မယ်များမှ မိမိတို့၏အနုပညာ အရည်အသွေးများကို အစွမ်းကုန် ထုတ်သုံးပြီး ပြည်နယ်၏ ဂုဏ်ကို ဆောင်နိုင်မည်ဟု ယုံကြည်မျှော်လင့်မိပါကြောင်း ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲအတွက် စားသောက်စရိတ်အဖြစ် ကျပ်သိန်း(၂၀၀)ကို ၂၀၂၂ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ နာယကရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ အဆို၊ အက၊ အရေး၊အတီး ပြိုင်ပွဲ အောင်နိုင်ရေးကော်မတီ အတွင်းရေးမှူး တောင်ကြီးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာအောင်နေမျိုးမှ လက်ခံရယူပြီး တောင်ကြီးပညာရေး ဒီဂရီကောလိပ် ကျောင်းသား/ ကျောင်းသူ လေးများမှ ပအိုဝ်းတိုင်းရင်းသား အကဖြင့် လည်းကောင်း၊ တာချီလိတ်ခရိုင်မှ မစုသက်ထွေးက ရုပ်သေး ကြိုးဆွဲ ဇော်ဂျီအကဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်း တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိသူများက အခြေခံပညာအသက်(၁၀)နှစ်မှ အသက်(၁၅)နှစ် အမျိုးသမီးအက ကျိုင်းတုံခန်းမတွင် ဝါသနာရှင်အဆင့် အဆိုယဉ်ပြိုင်နေမှု၊ ဘွဲနှင်းသဘင်ခန်းမတွင် အရေးပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှု အားပေး ခဲ့ကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)