ရန်ကုန် စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)နှင့် စာရေးဆရာအသင်း(အင်းစိန်)တို့ ပူးပေါင်းပြီး ပြည်သူများ အသိပညာ ဗဟုသုတများစွာ ရရှိစေရန် ရည်ရွယ်၍ ရေးသူဖတ်သူ ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်ကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင် (အင်းစိန်)၊လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့် အင်းစိန်မြို့နယ်၊ စာရေးဆရာ အသင်း နာယက ရန်နောင်(ပညာရေး)တို့က အမှာစကား အသီးသီးပြောကြားပြီး စီစဉ်သူ စာရေးဆရာ ဝင်းနွယ်(ပုသိမ်)က ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ပြောကြား ခဲ့သည်။
ဆက်လက်၍ ဆွေးနွေးပွဲတွင် ဆရာလှမိုးအောင်(အညာမြေ)က ဝိရောဓိညဝတ္ထုကို ဖတ်ကြား ဆွေးနွေးခဲ့ပြီး ဆရာ မောင်မောင်ဝင်းမြင့်(မှုခင်း)က ပြန်လည်သုံးသပ်ဆွေးနွေးခဲ့သည်။ ထို့နောက်ဆရာအောင်ငယ်စစ်(အင်းစိန်)က မြို့ပတ်ရထားကပေးသော တရားဝတ္ထုကို ဖတ်ကြား ဆွေးနွေးခဲ့ရာ ဆရာမ ခင်နွဲ့မူ(အင်းစိန်)က ပြန်လည်သုံးသပ်ဆွေးနွေးခဲ့သည်။
ယင်းနောက် စာရေးဆရာအသင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဆရာ မင်းသက်ပိုင်၊ ဆရာရဲနောင်(ရွှေဆည်)၊စိုင်းခွန်မိုးစက်နှင့် မဟူရာလမင်းတို့က ကဗျာများ အသီးသီးရွတ်ဆိုပြီး စာပေဗဟုသုများ ဆွေးနွေးခဲ့ကြပြီး ဆရာမ တက္ကသိုလ် မြမဥ္ဇူက ဆွေးနွေးပွဲကို သုံးသပ် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ အဆိုပါ ရေးသူဖတ်သူ ဆွေးနွေးပွဲကို အင်းစိန်မြို့နယ် အတွင်းရှိ စာရေးဆရာများ၊ စာပေဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို