ဟိုပန်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဟိုပန် စက်တင်ဘာ ၁၈

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းကော်မတီမှ အိုမီကရွန် အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးများအား ကြိုတင် ကာကွယ်နိုင်ရေးအတွက် လူစည်ကားရာနေရာဖြစ်ပြီး ဟိုပန်မြို့၏ ငါးရက်တစ်ဈေးဖြစ်သည့် မြို့မဈေးကြီးအရှေ့၊ ဈေးနေ့ကျရောက်သည့် ယမန်နေ့နံနက်(၇)နာရီ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဟိုပန်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုး ဦးဆောင်၍ ကော်မတီဝင်များဖြစ်သည့် မြို့နယ်ပညာရေးမှူး ဦးဝင်းလှိုင်၊ စည်ပင်သာယာရေးဌာနမှ အမူဆောင်အရာရှိ ဦးနိုင်မျိုးဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိန်ခိုင်၊ ပြည့်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ဟိုပန်မြို့၊ မြို့မဈေးသို့ လာရောက်ကြသည့် မိဘပြည်သူ ဈေးရောင်း၊ ဈေးဝယ်သူများအား ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်၊ စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့် အသိပညာပေးဆော်ဩခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်များအား သန့်စင်စေခြင်းနှင့် နှာခေါင်းစည်း(Mask) (၅၀၀)ခုအား ​အခမဲ့ဖြန့်ဝေပေးခြင်းများကို အရှိန်အဟုန်မြှင့် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)