နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်တွင် ဓာတ်မြေဩဇာနှင့်သဘာဝ မြေဩဇာရောစပ်ကြဲပက်ပွဲနှင့်သမန်းနိုး သရုပ်ပြပွဲတက်ရောက်

တပ်ကုန်း    စက်တင်ဘာ     ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာ (၁:၃)ရောစပ်ကြဲပက်ပွဲနှင့်သမန်းနိုးစက်ဖြင့် သမန်းနိုးခြင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက  သပြေသာကျေးရွာ၊ ကွင်းအမှတ်(၁၂၇၉)၊ တောင်သူဦးအောင်စိန်၏ ကောက်စိုက်စက်စံပြစိုက်ကွက်တွင် ကျင်းပသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကားပြော ကြားရာတွင် စိုက်ပျိုးမွေးမြူရေး အခြေခံသည့်ကျေးလက်ပြည်သူများ လူမှုစီးပွားဘဝမြင့်မားရေးကို နိုင်ငံတော်မှ အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် ကုန်ကြမ်းများအား ကုန်ချောအဖြစ်ဆောင်ရွက်ရေး၊ သဘာဝမြေဆီများအသုံးပြုရေး၊ အရည် အသွေးကောင်းမွန်သော မျိုးသန့်များထွက်ရှိရေး၊ သဘာဝမြေဩဇာ စနစ်တကျသုံးစွဲရန်နှင့် သီးနှံစိုက်ပျိုးရာတွင် စက်ကိရိယာများ တွင်ကျယ်စွာအသုံးပြုမှုမှာလည်း အရေးပါကြောင်း၊ မြေဆီများ၊ ရေအသုံးချမှုများ စသည့်သွင်းအားစုများ ဆောင်ရွက်ပေးလျက်ရှိရာမှာလည်း ဒေသခံတောင်သူများ အကျိုးရှိစွာအသုံးချပြီး လိုအပ်ချက်များရှိပါက တင်ပြကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက်ဥတ္တရခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ မြေအသုံးချရေးတာဝန်ခံ ဦးစီးအရာရှိဒေါ်ခင်ခင်မိုး၊ သီးနှံကာကွယ်ရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်နွယ်ဦးတို့က ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာ (၁:၃)ရောစပ်ကြဲပက်ရခြင်းနှင့် အကျိုးကျေးဇူးများအကြောင်း၊ တမာရွက်များဖြင့် ပိုးသတ်ဆေး ဖော်စပ်အသုံးပြုခြင်းနှင့် အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြား၍ လည်းကောင်း၊ ကံသာသဘာဝမြေဩဇာကုမ္ပဏီမှ တာဝန်ခံ ဦးစိုင်းမျိုးဝင်းဟန်က သဘာဝမြေဩဇာထုတ်လုပ်မှုနှင့် ပတ်သက်သည့်အကြောင်းအရာများ ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဥသျှစ်ကုန်းအုပ်စု၊ ကြက်သွန်ခင်း အုပ်စု၊ ညောင်လွန့်အုပ်စုများမှ တက်ရောက်လာသည့် တောင်သူများ ဓာတ်မြေဩဇာနှင့်သဘာဝ မြေဩဇာ(၁:၃)ရောစပ်နည်း၊ တမာရွက်များဖြင့် ပိုးသတ်ဆေးဖော်စပ်နည်းနှင့်ကွင်းအမှတ်(၁၂၇၉) ကွင်း၊တောင်သူ ဦးအောင်စိန်၏ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသည့် စံပြစပါးစိုက်ကွက်အတွင်း ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ(၁:၃)ရောစပ်ကြဲပက်ခြင်း၊ သမန်းနိုးစက်ဖြင့် သမန်းနိုးသရုပ်ပြသခြင်း၊ တောင်သူ  ဦးဇော်မင်းထွန်း၏ ဝါစိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်