မိုင်းပျဉ်းမြို့၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်

မိုင်းပျဉ်း   စက်တင်ဘာ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  ကျိုင်းတုံခရိုင်၊  မိုင်းပျဉ်းမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၆ နာရီက မိုင်းပျဉ်းမြို့ မြို့မစျေးကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် မိုင်းပျဉ်းမြို့ ဒေသခံပြည်သူများ ကိုဗစ်−၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နှာခေါင်းစည်း(Mask)များ တပ်ဆင်အသုံးပြုသွားလာကြရန်၊ တတ်နိုင်သမျှ နေအိမ်တွင်နေထိုင်သွားကြရန်၊ လက်ကိုမကြာခဏ စက္ကန့်(၂၀)ကြာအောင် ဆပ်ပြာဖြင့်ဆေးကြရန်တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဆရာဝန်ကြီးတို့ကအလှည့်ကျ အသိပညာပေး ပြောကြားကြပြီး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများကပူးပေါင်း၍ စျေးရောင်း၊ စျေးဝယ်သူများအား နှာခေါင်းစည်း(Mask)များကို အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

မိုင်းပျဉ်းမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို လူစည်ကားရာနေရာများ၌ အပတ်စဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နန်းသန္တာဦး(ပြန်ဆက်)