တောင်ကုတ် စက်တင်ဘာ ၁၇
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့ကို ခရိုင်မြို့ဖြစ်သည်နှင့်အညီ မျက်စိပသာဒကျပြီး သန့်ရှင်းသာယာလှပသောမြို့အဖြစ် ဆောင်ရွက်ရန်လိုအပ်သည့်အတွက် ယနေ့နံနက်(၇)နာရီအချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့က တောင်ကုတ်မြို့သည် ခရိုင်မြို့ဖြစ်သည်နှင့်အညီ သန့်ရှင်းသာယာလှပသောမြို့၊ ရွာများဖြစ်လာစေရေး မြေယာရှုခင်းအလှများ၊ ပန်းအလှပင်များစိုက်ပျိုးနိုင်ရေးနှင့် လွတ်လပ်ရေးကျောက်တိုင်ပြုပြင်မွမ်းမံနိုင်ရေးတို့အတွက် စစ်ဆေးကြည့်ရှုရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးမောင်စိန်နှင့်အင်ဂျင်နီယာဌာန(မြို့ပြ)မှ ဦးစီးအရာရှိ ဦးကျော်စွာသိန်းတို့က ဆောင်ရွက်မည့်အစီအစဉ်များကို ပြန်လည်ရှင်းလင်း တင်ပြသည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင်က မိမိတို့တစ်ဦးချင်းနေထိုင်ကြသည့် ပတ်ဝန်းကျင် သန့်ရှင်းသန့်ယပ်နေမှသာလျှင် သန့်ရှင်းသာယာလှပသောမြို့၊ ရွာများဖြစ်လာမည်ဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာသန့်ရှင်းသာယာရေးကို ဒေသခံများ၊ ဒေသတွင်တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးတာဝန်ရှိသူများက မဖြစ်မနေ ဆောင်ရွက်ကြရန် လမ်းညွှန်ခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်