ဆီဆိုင်မြို့၌ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်များခင်းကျင်းပြသ

ဆီဆိုင်    စက်တင်ဘာ   ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်များခင်းကျင်းပြခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆီဆိုင်မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ကေဘရယ်မှ လူကုန်ကူးခံရခြင်း၏ အကြောင်းအရင်းများ၊ လက်ရှိလူကုန်ကူးမှုဖြစ်ပွားနေမှုအခြေအနေများနှင့် လူကုန်ကူးခံရမှုပုံစံ အမျိုးမျိုး၊ လူကုန်ကူးခံရခြင်းမှ ကင်းဝေးစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များနှင့် လူကုန်ကူးမှု ဆိုင်ရာပြစ်မှု၊ ပြစ်ဒဏ်များကို အသိပညာပေးဟောပြောသည်။ ဆက်လက်၍  စက်တင်ဘာ ၃ ရက် ရက်နေ့က လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတိုက်ဖျက်ရေးအထိမ်းအမှတ်အကြို အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ဆီဆိုင်မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ကေဘရယ်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်၊ ဓါတ်ပုံနှင့်စာအုပ်စာစောင်များကို တက်ရောက်လာသည့် ဆီဆိုင်မြို့မစရဲခန်းမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)