ကျောက်ဆည် စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နေ့စဉ်ဝင်ငွေရမည့် ကန်စွန်း၊ ဆလပ်၊ ဆူးပန်း၊ နံနံ၊ မုံညင်း၊ ခရမ်း၊ ခဝဲ၊ ရုံပတီ စသည့် နေ့စဉ်ဝင်ငွေရမည့် ဟင်းသီး၊ ဟင်းရွက်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုး လာကြောင်း သိရသည်။
ကာလတို နေ့စဉ်ဝင်ရသည့် ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းများနှင့် ပတ်သတ်၍ “ယခင်က တစ်ခါတည်း များများရ၊ များများရိတ်၊ များများရောင်းရမယ့် သီးနှံတွေဖြစ်တဲ့ စပါး၊ ကြက်သွန်၊ ငရုပ်စတဲ့ သီးနှံများကို ဦးစားပေးစိုက်ပျိုးကြရာ သွင်းအားစုစရိတ်ကြီးမြင့်ခြင်းနှင့် ရိတ်သိမ်းရောင်းချချိန်တွင် ဈေးကောင်းရရှိမှု မသေချာခြင်းများကြောင့် နေ့စဉ်ပုံမှန်ဝင်ငွေရသည့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးလာရကြောင်း” ရန်ပုံနှစ်ကျေးရွာမှ တောင်သူဦးမြင့်မောင်ကပြောပြသည်။ နေ့စဉ်ဝင်ငွေရမည့် ကန်စွန်းရွက် စိုက်ပျိုးမည်ဆိုပါက မြေဆီကောင်းမွန်စေရန်အတွက် သဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ ဆိတ်ချေး၊ ကြက်ချေများနှင့် အပင်မစိုက်ပျိုးမီ မြေကိုကောင်းစွာ ပြုပြင်ထားရကြောင်း၊ စိုက်ပျိုးရာတွင်လည်း ရေသွင်း၊ ရေထုတ် ကောင်းမွန်စေရန်အတွက် မြေအမျိုးအစားအလိုက် စိုက်ဘောင် အကြီး၊ အသေးများပြုလုပ်ပြီး လေဝင်လေထွက် ကောင်းမွန်စေရန်အတွက် အပင်များကို သင့်တော်သော အကွာအဝေး တစ်ထွာ၊ တစ်မိုက် ခြားပြီး စိုက်ပျိုးရကြောင်း သိရသည်။
ကန်စွန်သီးနှံသည် တစ်ခါစိုက်ထားပါက တစ်နှစ်ပတ်လုံး ခူးဆွတ်ရောင်းကြောင်း၊ စိုက်ပျိုးပြီး(၄၅)ရက် တွင် ကန်စွန်းရွက်များကို စတင်ခူးရပြီး၊ လိုအပ်သလိုခူးဆွတ်ရောင်းချရကြောင်းနှင့် အခင်းအပြတ် ခူးဆွတ်မည် ဆိုပါက မိုးရာသီတွင်(၁၀)ရက်ခြားတစ်ကြိမ်၊ နွေရာသီနှင့်ဆောင်းရာသီများတွင် (၁၅) ရက်ခြားတစ်ကြိမ် ခူးဆွတ်နိုင်ကြောင်း၊ ကန်စွန်းတစ်ဧကစိုက်ပျိုးမည်ဆိုပါက ငွေကျပ် (၁၂) သိန်းသုံး သောင်းခန့် ကုန်ကျပြီး ရောင်းချသည့်ငွေမှာ မြေဆီကောင်းမွန်မှုနဲ့ အပင်ပြုစုပေါ်မူတည်ပြီး ဈေးကွက်အလိုက် ငွေကျပ်သိန်း(၂၀)မှ ကျပ်သိန်း(၅၀)ကျော်အထိရကြောင်းနှင့် ကန်စွန်းရွက်သီးနှံသည် တစ်ခါရိတ်ပြီး ထွက်ရှိလာသည့် အတက်အညွှန့်များကို ထပ်ခါထပ်ခါတစ်နှစ်ပတ်လုံး ခူးဆွတ် ရောင်းချရပြီး အကျိုးအမြတ်ရသည့် မီးဖိုချောင်သုံး သီးနှံတစ်မျိုးဖြစ်သောကြောင့် စိုက်မျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။
သက်မောင်