ဒဂုံတောင် စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများစုပေါင်း၍ အပတ်စဉ်သန့်ရှင်းကို အမှတ်(၂၆)ရပ်ကွက်ရှိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်ဝင်းအတွင်း ဆောင်ရွက်နေမှုအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ယနေ့နံနက် ၇ နာရီတွင် ကွင်းဆင်းကြည့်ရှုအားပေးကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ရန်ကုန်မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနမှူးများ၊ ဒုတိယဌာနမှူးများ (စီမံရေးရာ/ခရိုင်၊မြို့နယ်)နှင့် တာဝန်ရှိသူများက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်၏ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတအသင်းများ စုစုပေါင်းအင်အား(၄၀၀)ဦးစုပေါင်း၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ကျောင်းဝင်းအတွင်း သန့်ရှင်းလှပစေရေး၊ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် အမှိုက်သရိုက်များ၊ သစ်ပင်ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ ပေါင်းမြက်များအား ရှင်းလင်းပေးခြင်း၊ ခြင်ခိုအောင်းနိုင်သော နေရာများအား ရှင်းလင်းပေးခြင်း၊ အမှိုက်များသယ်ယူစွန့်ပစ်ပေးခြင်း၊ ရေမြောင်းများဆယ်ပေးခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ပေးနေသူများအား ကွင်းဆင်းကြည့်ရှုအားပေးကာ Stop Covid-19 စာတန်းပါ အဝါရောင်တီရှပ်များ ဝေငှပေးကြောင်း သတင်းရရှိသည်။
သန်းသန်းအေး(ဒဂုံတောင်)