ဟိုပုံး စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့လုံခုတ်ကျေးရွာအုပ်စု၊ ရေထွက်ကြီးအနီးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက် (၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းနှင့် အမှတ်(၉၀၃) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတို့မှ အရာရှိစစ်သည်များ၊ ဒေသအဆင့်ဌာနဆိုင်ရာများအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ စုစုပေါင်း(၂၀၀)ဦးတို့က အဖွဲ့(၃)ဖွဲ့ခွဲ၍ ရေထွက်ကြီးအနီးပတ်ဝန်းကျင်နှင့် လမ်းဘေးဝဲယာရှိ ချုံနွယ်ပေါင်းမြက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်များရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးညီညီတင်နှင့်အဖွဲ့ဝင်များ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)