ငဖဲ စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပန်းထိမ်းကျေးရွာနှင့် ဗိုလ်ကုန်းကျေးရွာတွင် အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း(NEP Phase-2)ဖြင့် IEM ကုမ္ပဏီက ကျေးရွာမီးရရှိရေးအတွက် 11 kV လိုင်းသွယ်တန်းခြင်းကို ၂၀၂၂ ခုနှစ်၊ မေလက စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် (၂၄)နာရီလျှပ်စစ်မီးများစတင် ရရှိမည်ဖြစ်သည့်အတွက် လျှပ်စစ်မီးဖွင့်ပွဲကို ယမန်နေ့ညနေ ၅နာရီခွဲအချိန်က ပန်းထိမ်းကျေးရွာအုပ်စု ပန်းထိမ်းကျေးရွာနှင့် ဗိုလ်ကုန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ရာ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးအောင်ကျော်မင်းနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာမီးလင်းရေးကော်မတီဝင်များ တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးအောင်ကျော်မင်းက လမ်းမီးနှင့်နေအိမ်မီးများပါရရှိမည်ဖြစ်သည့်အတွက် လျှပ်စစ်မီးများကို စနစ်တကျသုံးစွဲတတ်ရန်လိုအပ်ကြောင်း၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး သတိထားဆောင်ရွက်ရမည့်အချက်များကို ကျေးရွာပြည်သူများအား အသိပညာပေး ပြောကြားခဲ့သည်။
အဆိုပါ မီးရရှိရေးတွင် 11 kV လိုင်း ၁.၅ မိုင်နှင့် ပန်းထိမ်းကျေးရွာတွင် 50kVA ထရန် စဖော်မာတစ်လုံး ၊ ဗိုလ်ကုန်းကျေးရွာတွင် 100 kVA ထရန်စဖော်မာတစ်လုံးနှင့် ဆက်စပ်ပစ္စည်းများကို ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေ ခန့်မှန်းကုန်ကျစရိတ် ငွေကျပ်(၁၅၅)သန်းဖြင့် ကုန်ကျပြီး ကျေးရွာတွင်း 400 ဗို့ ဓါတ်အားလိုင်း ၂ မိုင် သွယ်တန်းခြင်းအတွက် ပန်းထိမ်းကျေးရွာနှင့်ဗိုလ်ကုန်း ကျေးရွာပြည်သူထည့်ဝင်ငွေ ကျပ်သန်း(၁၅၀) စုစုပေါင်းငွေကျပ်(၃၀၅)သန်းဖြင့် နေ့စဉ်(၂၄)နာရီ လျှပ်စစ်မီးထွန်းလင်းရရှိသွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)