သံဖြူဇရပ် စက်တင်ဘာ ၁၇
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ တပ်နယ်မှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ သံဖြူဇရပ်တပ်နယ်မှ တပ်နယ်မှူးဗိုလ်မှူးချုပ်ထွန်းနိုင်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ ခေတ်အဆက်ဆက်ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံရေးဖြစ်စဉ်များ၊ ပြည်သူများမှအမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ရေးအတွက် စဉ်းစားတွေးခေါ်ပြီး မြင့်မားသောအတွေးအခေါ်ရှိဖို့ လိုအပ်ပါကြောင်း၊ ကုန်စျေးနှုန်းများမြင့်မားနေ၍ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေချိန် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများမှ လုပ်ငန်းများအဆင်ပြေစေရေး ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က ပြည်နယ်အစိုးရအဖွဲ့၏ (၆)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ လူဦးရေအချက်အလက်နှင့် မှတ်ပုံတင်စာရင်းမှန်ကန်မှုရှိစေရေး၊ နွေရာသီရေရှားပါးမှု၊ ဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ထားရှိမှု၊ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ချပြရှင်းလင်းဆွေးနွေးသည်။
ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်ဦး အောင်သန်းက စစ်ကြောင်းကြီး(၅)ကြောင်း ကွင်းဆင်းဆောင်ရွက်နေမှုအခြေအနေများကို ပြောကြားသည်။ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသန့်ဇင်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှု၊(Quarantine Centre) ဖွင့်လှစ်နိုင်ရေးနှင့် ရောဂါစစ်ဆေးခြင်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများမှလည်း ကာကွယ်ဆေးများကို အကြိမ်ပြည်ထိုးနှံနိုင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားပြီး အစည်းအဝေး တက်ရောက်လာသူများမှ ပြန်လည်မေးမြန်းဆွေးနွေးကာ တာဝန်ရှိသူမှလည်း ပြန်လည်ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်းနှင့် အစည်းအဝေးတက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာ (၄၁)အုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများအား သံဖြူဇရပ်တပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦးက ငါးခြောက်များကို လက်ဆောင်ပေးအပ်ခဲ့ကြောင်းသိရသည်။
အေးအေးသီ(ပြန်/ဆက်)