ညောင်ရွှေ စက်တင်ဘာ ၁၅
ဒေသတွင်းငါးရိက္ခာဖူလုံစေရေး၊ ငါးသယံဇာတပေါကြွယ်ဝစေရေးနှင့် စပါးစိုက်တောင်သူများ စပါးမှ ရရှိသောငွေအပြင် ငါးမွေးမြူခြင်းမှရရှိသော အကျိုးအမြတ်များဖြင့် တောင်သူဝင်ငွေ တိုးပွားစေရေးတို့ကို ရည်ရွယ်၍ ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ညောင်ရွှေမြို့နယ်အတွင်းရှိ စပါးစိုက်ခင်းများအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ခြင်းကို ယမန်နေ့ညနေပိုင်း က ကတိလောကျေးရွာအုပ်စု၊ ကျော့မောင်ငယ်ကျေးရွာ၊ ညောင်ရွှေ-ရွှေညောင် ကားလမ်းမဘေးရှိ စပါးခင်းများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၊ ခေတ္တပြည်နယ်ဦးစီးဌာနမှူး ဦးကျော်သီဟထွေး နှင့် ညောင်ရွှေငါးလုပ်ငန်းစခန်း တာဝန်ခံ ဒေါ်မိမိခိုင်တို့က တောင်သူများအား ငါးသားပေါက်များပေးအပ်ခဲ့ပြီး ခေတ္တပြည်နယ်ဦးစီးဌာနမှူး၊ ညောင်ရွှေငါးလုပ်ငန်းစခန်း တာဝန်ခံနှင့် တောင်သူများက စပါးခင်းများအတွင်းသို့ ငါးမျိုးများစိုက်ထည့်ခဲ့ကြသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်မှုတွင် ညောင်ရွှေမြို့နယ်အတွင်းရှိ စပါးစိုက်ခင်းဧက (၁၀၀)အတွက် ရွှေဝါငါးကြင်း သားပေါက် (၂၅၀၀၀)ကောင်၊ ငါးခုံးမသားပေါက် (၂၅၀၀၀)ကောင် စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၅၀၀၀၀)ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ