ဥတ္တရသီရိ စက်တင်ဘာ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း အသေးစား၊ အလတ်စားစက်မှုလက်မှု လုပ်ငန်းရှင်များနှင့်တွေ့ဆုံ ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီက ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အဖွင့်အမှာ စကားပြောကြားပြီး နေပြည်တော်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေး၊ နေပြည်တော် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ညွှန်ယဉ်ယဉ်နွယ်တို့ကဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် အသေးစား၊ အလတ်စား စက်မှုလက်မှု လုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် လိုအပ်ချက်များကိုဆွေးနွေး တင်ပြခဲ့ကြရာသက်ဆိုင်ရာ တာဝန်ရှိသူများနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းတို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပြီး အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဥတ္တရခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ ဥတ္တရခရိုင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးလှဌေး၊ ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းရှင်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ အုတ်လုပ်ငန်းရှင်များ၊ သစ်စက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများက ဥတ္တရသီရိ မြို့နယ်အတွင်းရှိ Sky Fruit သစ်သီးယိုစက်ရုံသို့သွားရောက်ပြီး စက်ရုံလည်ပတ်မှုအခြေအနေများကိုလည် းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)