မိုးမောက် စက်တင်ဘာ ၁၇
ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ မိုးမောက်မြို့၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက အ.လ.က(ခွဲ)အောင်မြေကျောင်းခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလတ်က လူငယ်နှင့်ခေါင်းဆောင်မှုအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ကေသီဝင်းက ခေါင်းဆောင်တစ်ဦးတွင် ရှိသင့်သောအရည်အချင်းများအကြောင်းကို လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လွန်းနန်းထွေးက ခေါင်းဆောင်ဆိုသည်မှာဟူသောအကြောင်းအရာကို လည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော ကျောင်းသားကျောင်းသူ(၁၅၀)ဦးတို့ကို မြို့နယ်အား ကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့်အားကစားပစ္စည်းများဖြစ်သော ဘောလုံး၊ ဖူဆယ်ဘောလုံး၊ ပိုက်ကျော်ခြင်းပိုက်၊ ကြက်တောင်ရိုက်တံ(၁)စုံ၊ ကြက်တောင်ဘူး အစရှိသည့် အားကစားပစ္စည်းများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ပေးအပ်ရာ ယာယီကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)