ဒဂုံမြောက်၌ သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ဒဂုံမြောက် စက်တင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်အတွက် ဌာနဆိုင်ရာများစုပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက (၂၉)ရပ်ကွက်ရှိ အမှတ် (၁၁) အခြေခံပညာမူလတန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်း၏ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများစုပေါင်း၍ အဆိုပါကျောင်းဝင်းအတွင်း သန့်ရှင်းလှပစေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရန် ကျောင်းရှိ ရေသိုလှောင်ရာ အုတ်စည်အုတ်ကန်များအတွင်း အဘိတ်ဆေးခပ်ပေးခြင်း၊ ခြင်ဆေးဖြန်းပေးခြင်း၊ အမှိုက်သရိုက်များ၊ သစ်ပင်ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထစ်ရှင်းလင်းပေးခြင်း၊ ပေါင်းမြက်များအား   ရှင်းလင်းပေးခြင်း၊ ခြင်ခိုအောင်းနိုင်သော နေရာများအားရှင်းလင်းပေးခြင်း၊ အမှိုက်များအား  သယ်ယူစွန့်ပစ်ပေးခြင်း၊ ရေမြောင်းများ ဆယ်ပေးခြင်းစသဖြင့် သန့်ရှင်းရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ(ဒဂုံမြောက်)