သန်လျင် စက်တင်ဘာ ၁၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဈေးများ၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီက မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတ အဖွဲ့များနှင့် ဈေးသူ/ဈေးသားများ ပူးပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်း၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့် နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိုက်စိုးနှင့် တာဝန်ရှိသူများ ဦးဆောင်ကာ မြို့မဈေးကြီးအတွင်း ကျန်းမာရေးစည်းကမ်း ချက်များနှင့်အညီ ဈေးရောင်းချခြင်းရှိမရှိ စစ်ဆေးခြင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ Together Thanlyin မှ ပရဟိတမောင်မယ်များ၊ အလင်းရောင် ပရဟိတအဖွဲ့မှ လူငယ်မောင်မယ်များ ပူးပေါင်း၍ မြို့မဈေးကြီး ဝင်ပေါက် ၄ ပေါက်မှ ဈေးကြီးအတွင်းသို့ ဝင်ရောက်လာသော ဈေးရောင်းချသူများ၊ ဈေးဝယ်လာပြည်သူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ပါးစပ်နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့အား ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးများဖြစ်သော မြို့မဈေး၊ ကမ်းနားဈေး၊ ထားမလုံဈေး၊ အောင်ချမ်းသာဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး နှင့် အသိပညာပေးခြင်းလုပ်ငန်းများအား မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဦးဆောင် ကာ မြို့နယ်စည်ပင်သာရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့ များနှင့် ဈေးတာဝန်ခံများ ဈေးသူ/ဈေးသားများ ပူးပေါင်းပါဝင်ကာ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သန်လျင်မြို့နယ် စည်ပင်သာရေး ကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်ထံမှ သိရသည်။
သက်ခိုင် (သန်လျင်)