မြစ်ကြီးနား စက်တင်ဘာ ၁၇
ကချင်ပြည်နယ်အတွင်းရှိ အသက် (၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် SPIC / ACHC ကုမ္ပဏီတို့မှ မြန်မာငွေကျပ် ၂၅၉ သိန်းကျော်တန်ဖိုးရှိ ကုလားပဲ၊ ဆီ၊ ကြာဆံ စသည့် စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လက်ခံရယူခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ယာယီသံအမတ် Ms.Cao Jing (မစ္စချောင်ကျင်း)က မြန်မာ-တရုတ်နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ရေရှည်တည်တံ့ စေရေးအတွက် နှစ်ကာလရှည်ကြာစွာပေါင်းစည်းပေးခဲ့ကြသော ကချင်ပြည်နယ်မှ ဘိုးဘွားများအား လှူဒါန်းရခြင်းဖြစ်ကြောင်း နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်သည် ကချင်ပြည်နယ်နှင့် ရေမြေချင်းဆက်စပ်သည့်အပြင် မျိုးနွယ်စုတူလူမျိုးများစွာလည်း နေထိုင်ကြသည့်အတွက် ယဉ်ကျေးမှုချင်းတူညီသော ညီအစ်ကိုများဖြစ်ပါကြောင်း၊ အပြန်အလှန်ကူညီမှုများ ဖြင့် နှစ်နိုင်ငံဆွေမျိုးပေါက်ဖော်ရင်းနှီးမှုကိုခိုင်မြဲစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့သံရုံးနှင့် SPIC/ ACHC ကုမ္ပဏီတို့က ပြည်နယ်အတွင်းရှိ ဘိုးဘွားများအတွက် စားနပ်ရိက္ခာလှူဒါန်းမှုကို ပြည်နယ်သူ၊ ပြည်နယ်သားများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံး ကိုယ်စားလှယ်မှ မြန်မာငွေကျပ် (၁၅,၉၂၀,၀၀၀) တန်ဖိုးရှိ ကုလားပဲ၊ ကြာဆံ၊ ဆီဘူးများ ပေးအပ်လှူဒါန်းမှုကို လည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက SPIC / ACHC ကုမ္ပဏီမှ ပြည်ပဆက်ဆံရေး ပြည်နယ်တာဝန်ခံက ငွေကျပ် ၁၀,၀၀၀,၀၀၀ တန်ဖိုးရှိ ကုလားပဲ၊ ကြာဆံ၊ ဆီဘူးများ ပေးအပ်လှူဒါန်းမှုကိုလည်းကောင်း လက်ခံရယူခဲ့ကြပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ စားနပ်ရိက္ခာများ လှူဒါန်းမှုအတွက် ပြည်နယ်အတွင်းရှိ အသက် (၆၀)နှစ်နှင့် အထက်ဘိုး/ဘွားများကိုယ်စားအဘိုးတစ်ဦးက ကျေးဇူးတင်ဆုတောင်းစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားတက်ရောက်လာသည့် ဘိုး/ဘွားများအား ထောက်ပံ့ငွေများကို ဂါဝရပြုပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)