မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဇမ္ဗူသီရိ စက်တင်ဘာ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဇမ္ဗူသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက စီမံကိန်းလုပ်ငန်း ဆောင်ရွက်ချက်များ အချိန်မီပေးပို့တင်ပြရန်၊ နေပြည်တော်ကောင်စီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူ‌ဇော်ပွဲ ကျင်းပသွားရန်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ကြရန်၊ မြို့နယ်အတွင်း ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြသွားကြရန်၊ မိမိရုံးဌာနနှင့် ဝန်ထမ်းများ လုံခြုံရေးသတိပြုကြရန်၊ ဝန်ထမ်းများ အနေဖြင့်လည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအား လိုက်နာကြရန်၊ ကျွဲ၊ နွား၊ ဆိတ်များ စည်းကမ်းမဲ့မွေးမြူမှုမရှိစေရေးအတွက် သက်ဆိုင်ရာဌာနများမှ ကြီးကြပ်ဆောင်ရွက်ရန်နှင့် မြို့နယ်အတွင်းရှိဈေးများနှင့် ရပ်ကွက်၊ ကျေးရွာများအတွင်း မီးဘေး အန္တရာယ်ကို ဂရုပြုကြရန်၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များမြှင့်တင်ရန်နှင့် အခက်အခဲများ၊ တခြားလိုအပ်ချက်များ ရှိပါကလည်း တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားခဲ့ပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)